CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယိုအန်ဂါစီယာဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်တယ်လို့ ထပ်မံ အတည်ပြုခဲ့ပြီးနောက် စတီဂန်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချရမယ်လို့ ပြောခဲ့ပါတယ်။
စတီဂန်အနေနဲ့ ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်ဖို့အတွက် ဇန်နဝါရီမှာ ထွက်ခွာနိုင်လားဆိုပြီး မီဒီယာသမားတွေက မေးမြန်းချိန်မှာ ဟန်ဆီဖလစ်က “ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက် ပြီး ကျနော်တို့ စကားပြောခဲ့ပါတယ်။
သူဟာ ကောင်းမွန်တဲ့ ဂိုးသမားဖြစ်တဲ့အတွက် သူ့ကို ကျနော် လေးစားပါတယ်။ သူဟာ ကျနော်တို့အတွက် ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် နောက်ဆုံးမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး သူဆုံးဖြတ်ချက်ချရမှာပါ”လို့ ဖြေခဲ့ပါတယ်။
စတီဂန်ဟာ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီရာသီ မှာလည်း နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့အတွက် ရာသီအစပွဲတွေကို လွဲချော်ထားတာပါ။

ဘာစီလိုနာဂိုးသမားကိုတွေ့ရစဉ်
ဂျာမနီ ဂိုးသမားဟာ အခုလအစောပိုင်းမှာ ကြံ့ခိုင်မှု ပြန်ကောင်းလာခဲ့ပြီဖြစ်ပေမယ့် ယိုအန်ဂါစီယာရဲ့ အရန်ဂိုး သမား အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာ မိုချန်ဂလတ်ဘတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ စတီဂန်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၄၂၀ ကျော် ပါဝင်ကစားထားပြီး ဆုဖလားပေါင်း ၁၇ ခု ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ယိုအန်ဂါစီယာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ပွဲတွေမှာ ဆက်ဇနီကို ပွဲထွက် အသုံးပြုနေတာဖြစ်ပြီး ဆက်ဇနီဟာ ပြီးခဲ့တဲ့ရာသီက အသင်းဆုဖလား ၃ လုံးရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဆက်ဇနီဟာ ယိုအန်ဂါစီယာရဲ့ နောက်မှာ ဘာစီလိုနာအသင်းရဲ့ နံပါတ် ၂ ဂိုးသမားအဖြစ် ရှိနေမှာပါ။
စတီဂန်အနေနဲ့ ဂျာမနီအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းထဲမှာ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ပွဲကစားခွင့် ရဖို့ လိုအပ်နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို ပွဲကစားခွင့် အာမခံချက်ပေးနိုင်မယ့် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
