CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
ဘာစီလိုနာအသင်းဟာ လာလီဂါဆုဖလား အောင်ပွဲခံမှုအဖြစ် အမိုးဖွင့် ဘတ်စ်ကားနဲ့ လှည့်လှည်မှု ပြုလုပ်ချိန်မှာ ပါလက်စတိုင်းအလံကို ဝှေ့ယမ်းမှုပြုလုပ်ခဲ့တဲ့ ယာမဲလ်ဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့ အရွယ်ရောက်ပြီလို့ နည်းပြဟန်ဆီဖလစ်က ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ကျနော်ဟာ ဒီလိုမျိုးလုပ်တာကို မနှစ်သက်ပေမယ့် ကျနော်သူနဲ့ စကားပြောခဲ့ပါတယ်။ သူဟာ ဒီလိုမျိုး လုပ်ချင်တယ်ဆိုရင် သူ့ရဲ့ဆုံးဖြတ်ချက်ပဲလို့ ကျနော်ပြောခဲ့ပါတယ်။ သူက ၁၈ နှစ်ရှိပြီဖြစ်လို့ အသက်ပြည့် သွားပါပြီ”လို့ ပြောခဲ့တာပါ။
ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ယာမဲလ်ဟာ ဘာစီလိုနာ မြို့တွေမှာ အသင်း ဘတ်စ်ကား မောင်းနှင်ချိန် ပါလက်စတိုင်းအလံကို ကိုင်ဆောင်ထားတာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပါလက်စတိုင်းအလံ ကိုင်ဆောင်ထားတဲ့ ပုံတွေကို တင်ထားခဲ့တာပါ။

ယာမဲလ်ကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ကတော့ ဒီလိုမျိုး လုပ်ဆောင်တာဟာ ယာမဲလ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မီဒီယာသမားတွေရဲ့ မေးခွန်းထုတ်မှုကို ဖြေသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဆုဖလား အောင်ပွဲခံမှုမှာ လူပေါင်း ၇၅၀,၀၀၀ နီးပါးဟာ လမ်းမတွေပေါ်ကို ထွက်ခဲ့ကြ တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းကို ၂ ရာသီဆက်တိုက် လာလီဂါဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဟန်ဆီဖလစ် ကို အသင်းဟာ ၂၀၂၈ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးခဲ့ပါတယ်။
ဟန်ဆီဖလစ်က စာချုပ်သစ်အတွက် အလွန်ပျော်ရွှင်ကြောင်းနဲ့ ဘာစီလိုနာအသင်းဟာ သူနဲ့အသင်းကို နောက်ထပ် ၁ နှစ် ဒါမှမဟုတ် ၂ နှစ် အလုပ်လုပ်ဖို့ ယုံကြည်မှုပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
