CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

ဂျီရိုနာအသင်းနည်းပြ မီချယ်လ်က ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီရဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ကတ်တလန်ဒါဘီ ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။ 

မီချယ်လ်က “ယာမဲလ်က ခြားနားမှုကို ဖန်တီးနိုင်တဲ့သူပါ။ ကျနော့်အတွက်တော့ သူဟာ အသက် ၁၇ နှစ် အရွယ် မှာတင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ။ မက်ဆီနဲ့တူတဲ့ နောက်တစ်ဦး ထွက်ပေါ် လာမယ်ဆိုတာ တွေးကြည့်ဖို့ခက်ခဲပေမယ့် ကျနော်ကတော့ ယာမဲလ် ဆက်ပြီးတိုးတက်နေဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယာမဲလ်ဟာ ဒီအဆင့်ကို ရောက်ရှိနိုင်တဲ့ ကစားသမားဖြစ်လို့ပါ”လို့ ပြောခဲ့တာပါ။ 

အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်ကြယ်ပွင့်ကစားသမားဟာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၅ ပွဲ ပါဝင်ကစားအပြီးမှာ ၃ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးထားတာပါ။ 

ဘာစီလိုနာအသင်းကလည်း ဒီ ၅ ပွဲစလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲကို ရယူပြီး လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။ 

ယာမဲလ်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ဂိုးတွေ သွင်းယူနိုင်တဲ့အပေါ် ကြိုဆိုခဲ့ပြီး အသင်းရဲ့ နိုင်ပွဲ အတွက်လည်း ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ယာမဲလ် ဂိုးသွင်းယူနိုင်လို့ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ယာမဲလ်ဟာ ပုံမှန်ဆိုရင် နောက်ဆုံး ပေးပို့မှုကို ပြုလုပ်တဲ့သူဖြစ်ပြီး ဒီပွဲမှာတော့ သူဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲစတင်ကတည်းက အာရုံစိုက်ခဲ့ပြီး သူတို့ကို အလွန်ကောင်းမွန်စွာ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ဟာ အနိုင်ရဖို့နဲ့ ဒီရလဒ် ရယူနိုင်ဖို့ ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိ ဂ်ပွဲစဉ်အဖြစ် မိုနာကိုအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN