CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆

ဘာစီလိုနာအသင်း ကွင်းလယ်လူ ဂါဗီက အသင်းဖော် ယာမဲလ်ဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂါဗီက “ယာမဲလ်က ပွဲထဲမှာ အကောင်းဆုံး ကစားသမား  ဖြစ်ပြီလားဆိုရင် ဟုတ်တယ်လို့ ပြောရမှာပါ။ မက်ဆီ ပြီးရင် ယာမဲလ်က အကောင်းဆုံးပါ”လို့ သတင်းထောက်ရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။ 

ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းက ဘက်တစ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထား အပြီးမှာ ၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနေတာပါ။

ယာမဲလ်ကို တွေ့ရစဉ်

ယာမဲလ်ဟာ ပြီးခဲ့တဲ့ နွေရာသီက စပိန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး တစ်ဦးချင်းဆု အများအပြားကို ရရှိခဲ့ပါတယ်။ 

ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ နံပါတ် ၈ နေရာ ရပ်တည်ခဲ့သလို အကောင်းဆုံး လူငယ် ကစားသမားဆုတွေဖြစ်တဲ့ Kopa Trophy နဲ့ Golden Boy ဆုတွေကို ရရှိခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကို စိတ်ပျက်ဖွယ် ရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ နိုင်ပွဲဆက်နေပြီး စပိန်စူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အသလက်တီကိုအသင်းနဲ့ ၆ မှတ်ကွာဟနေတာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN