CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က စပိန်အသင်းအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားရင်း အိမ်စာတွေ လုပ်ဖို့ ယူခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ယာမဲလ်က “ကျနော်ဟာ ယူရိုပြိုင်ပွဲကစားရင်း အိမ်စာတွေလုပ်ဖို့ ယူလာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ESO မှာ စတုတ္ထနှစ်ကျောင်းသား ဖြစ်နေလို့ပါ။ ကျနော်ဟာ အွန်လိုင်းသင်တန်းတွေလည်း တက်ဖို့ ရှိနေပြီး ဒါတွေကတော့ အဆင်ပြေပါတယ်။ ဆရာတွေ ကျနော့်ကို မရှာဖို့ပဲ မျှော်လင့်ပါတယ်”လို့ AS နဲ့ ပြုလုပ်ခဲ့ တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပြီး စပိန်လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျော်ဂျီယာအသင်းနဲ့ပွဲမှာ စပိန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ စပိန် လက်ရွေးစင်အသင်းတို့ရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာပါ။

ယာမဲလ်ကိုတွေ့ရစဉ်

စပိန်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားခွင့်ရထားတဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ဇူလိုင် ၁၃ ရက်မှာ အသက် ၁၇ နှစ်ပြည့်တော့မယ့် ယာမဲလ်ဟာ ဘောလုံးတစ်ခုတည်းကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘဲ ပညာရေးကိုလည်း အာရုံစိုက်နေတယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ESO ဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်ကြားအရွယ်ရှိ ကျောင်းသားတွေအတွက် မသင်မနေရဖြစ်ပြီး စပိန်ပညာ ရေးစနစ်ရဲ့ တတိယအဆင့်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ၁၀ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။ 

ယာမဲလ်ဟာ စပိန်အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇ ပွဲမှာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Dailymail