CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်ကြာအထိ အနားယူရမှာ ဖြစ်လို့ ဒီလထဲ ကစားမယ့် စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ 

အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယား အသင်းတို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် စပိန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရတာပါ။ 

ဒါပေမယ့် ယာမဲလ်ဟာ ဘာစီလိုနာအသင်းက PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ခံစားခဲ့ ရတဲ့အတွက် စပိန်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက စပိန်အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။ 

ယာမဲလ်ကို တွေ့ရစဉ်

ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ထားတဲ့ ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ကမှ ဒဏ်ရာကနေ သက်သာပြီး လူစားဝင် ပါဝင်ကစားခဲ့တာပါ။ 

ယာမဲလ်ဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းက ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဆီဗီလာအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒဏ်ရာ သက်သာမယ့် လုပ်ငန်းစဉ်အချိန်အတွက် ၂ ပတ်ကနေ ၃ ပတ်ကြားရှိမယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ခဲ့တာပါ။ 

ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၅ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ 

စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု E မှာ ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး ဂိုးပြတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ 

Source: CNA