CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က သူနဲ့ PSG အသင်းတိုက်စစ်မှူး ဒမ်ဘီလီတို့ ပါဝင်ယှဉ်ပြိုင်မယ့် စပိန်နဲ့ ပြင်သစ်အသင်း နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ Ballon d'Or ဆုအတွက် အဆုံးအဖြတ် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ယာမဲလ်က “Ballon d'Or ဆုကို မဲပေးရမယ်ဆိုရင် တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ရွေးချယ်မှာလား ဒါမှမဟုတ် ကြာသပတေးနေ့ပွဲမှာ အနိုင်ရတဲ့သူကို ရွေးချယ်မှာလား။ ကျနော်ကတော့ ဒီပွဲမှာ အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားကိုပဲ မဲပေးမှာပါ။ ဒီပွဲမှာ ကျနော် ဒါမှမဟုတ် ဒမ်ဘီလီ တို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူ့ကို မဲပေးမှာလဲ၊ တနင်္ဂနွေနေ့မှာ ကစားမယ့်သူကိုလား”လို့ စပိန်ရုပ်သံ Cadena Cope ကို ပြောခဲ့တာပါ။
စပိန်နဲ့ ပြင်သစ်အသင်းတို့ဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်အဖြစ် ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ယာမဲလ်နဲ့ဒမ်ဘီလီကို တွေ့ရစဉ်
ယာမဲလ်နဲ့ ဒမ်ဘီလီတို့ဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် ၂၀၂၅ ခုနှစ် အတွက် ချီးမြှင့်မယ့် Ballon d'Or ဆုကိုရရှိဖို့ ရေပန်းစားနေကြတာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းကို ပြည်တွင်းဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒမ်ဘီလီဟာ PSG အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၄ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယာမဲလ်ကတော့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြသမယ့် စွမ်းဆောင်ရည်နဲ့ Ballon d'Or ဆုကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဒါအပြင် ယာမဲလ်က သူဟာ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလား ၂ ခုစလုံးကို ရယူနိုင်ဖို့ ကြိုးစား သွားမယ်လို့လည်း ပြောခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးခြင်း မရှိဘူးလို့လည်း ပြောခဲ့တာပါ။
စပိန်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူထားတဲ့ ယာမဲလ်ဟာ နိုင်ငံအသင်းနဲ့အတူ နောက်ထပ် ဆုဖလားအဖြစ် နေးရှင်းလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
Source: CNA