CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။
အာဂျင်တီးနားအသင်းဟာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရရှိထားပေမယ့် အိမ်ကွင်းအားသာချက်ကို ရရှိစေဖို့အတွက် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်နေတာပါ။
မက်ဆီကို တွေ့ရစဉ်
အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မယ့် အတ္တလန္တာအသင်းနဲ့ ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အင်တာမိုင်ယာမီ အသင်းဟာ Supporters' Shield အတွက်လည်း တိုက်ပွဲဝင်နိုင်တာဖြစ်ပါတယ်
အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ ၅ ဂိုး-၃ ဂိုးနဲ့ အရေးနိမ်ခဲ့ပြီးနောက် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်မှာ ခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မတ်လထဲမှာ ၂၀၂၆ Finalissima ပွဲအဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရခြင်းမရှိသေးတာ ဖြစ်ပါတယ်။
Source: ESPN