CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၀

အာဂျင်တီးနားအသင်းဟာ စက်တင်ဘာလထဲမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ်တွေအတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ အသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘူး လို့ သိရပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကနေ အပြည့်အဝ သက်သာခြင်း မရှိသေးတာကြောင့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦး လူစာရင်းမှာ မပါဝင်နိုင်ခဲ့တာပါ။ 

မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ပြီးကတည်းက အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးဘဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်း လူစာရင်းမှာ ရေးဗားပလိတ်ဂိုးသမား အာမာနီနဲ့ ရိုးမားအသင်း တိုက်စစ်မှူး ဒိုင်ဘားလား တို့ ချန်လှပ်ခံခဲ့ရတာပါ။ 

နည်းပြ စကာလိုနီဟာ အီဇီကွီရယ်လ်ဖာနန်ဒက်ဇ်နဲ့ ကာစတယ်လ်လာနိုစ်တို့ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့သလို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါနာချို၊ ကာဘိုနီ၊ ဘာကိုနဲ့ ဆိုးလ်တို့လည်း အာဂျင်တီးနားအသင်း လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 မက်ဆီကို တွေ့ရစဉ်

မက်ဆီ မပါဝင်နိုင်တဲ့ အာဂျင်တီးနားအသင်းကို မာတီနက်ဇ်၊ ရိုမဲရိုး၊ အော်တာမန်ဒီ၊ ဒီပေါလ်၊ မက်အယ်လစ္စတာ၊ လောတရိုမာတီနက်ဇ်တို့က ဦးဆောင်သွားဖို့ ရှိနေတာပါ။ 

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၅ ရက်မှာ ချီလီအသင်းနဲ့ အိမ်ကွင်း၊ ၁၀ ရက်မှာ ကိုလံဘီယာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေ ၆ ပွဲ ကစားအပြီးမှာ အာဂျင်တီးနားအသင်းဟာ ၅ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကဇုန်က ထိပ်ဆုံး ၆ သင်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်တဲ့အသင်းက ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: CNA