CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၀

ဂျာမနီကွင်းလယ်လူဟောင်း ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီကြာ ကစားပြီးနောက် အသင်းဟောင်း မန်စီးတီးအသင်းထံ ပြန်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ 

ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အသင်းနဲ့စာချုပ် ကုန်ဆုံးသွားခဲ့လို့ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဂန်ဒိုဂန်ဟာ နည်းပြဟောင်း ဇာဗီ လက်အောက်မှာ ဘာစီလိုနာအသင်းရဲ့အဓိက ကစားသမား ဖြစ်ခဲ့ပေမယ့် အခု အချိန်မှာတော့ အသင်းက ထွက်ခွာဖို့ရှိနေပါတယ်။

ဂန်ဒိုဂန်ဟာ သူ့ရဲ့အနာဂတ်အတွက် ဘာစီလိုနာအသင်းနဲ့ စကားပြောဆိုပြီး ဖြစ်တယ်လို့ နည်းပြ ဟန်ဆီဖလစ်က ဝန်ခံထားတာပါ။ 

နည်းပြ ဟန်ဆီဖလစ်ကတော့ သူနဲ့အတူ ဂျာမနီအသင်းမှာ အတူလက်တွဲခဲ့တဲ့ ဂန်ဒိုဂန်ကို ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

 ဂန်ဒိုဂန်ကို တွေ့ရစဉ်

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းက ထွက်ချင်နေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းကို ပြန်ခေါ်ဖို့ ဆန္ဒရှိနေပြီး ဖာဘရီဇီယိုရိုမန်နိုကလည်း ဒီအပြောင်းအရွှေ့ကို ဖော်ပြထားပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား ခေါ်ယူထားခြင်း မရှိတဲ့အတွက် ဂန်ဒိုဂန်နဲ့ ပြန်လည်လက်တွဲဖို့ နည်းပြ ဂွာဒီယိုလာက လမ်းဖွင့်ထားတာပါ။ 

ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေက ဂန်ဒိုဂန်အသင်းက ထွက်ခွာမယ့် အဓိကအကြောင်းအရင်း တစ်ခုအဖြစ် ရှိနေပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူထားတဲ့ အော်လ်မိုကို စာရင်းသွင်းနိုင်ခြင်း မရှိသေးလို့ ဂန်ဒိုဂန်ကို ရောင်းချခဲ့ရင် အော်လ်မိုကို စာရင်းသွင်းနိုင်မယ်လို့ သိရတာပါ။ 

ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ၂၀၁၆ ကနေ ၂၀၂၃ ခုနှစ်အထိ ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ပရီးမီးယား လိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ရာသီသစ် စပိန်လာလီဂါ အဖွင့်ပွဲစဉ်မှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

Source: Goal