CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
တူရကီချန်ပီယံ ဂါလာတာစာရေးအသင်းဟာ အတွေ့အကြုံ အများအပြားရှိတဲ့ ဂျာမန် ကွင်းလယ်လူဟောင်း ဂွန်ဒိုဂန်ကို မန်စီးတီးအသင်းကနေ အလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဂွန်ဒိုဂန်ဟာ ဂါလာတာစာရေးအသင်းနဲ့ ၂၀၂၆-၂၇ ရာသီကုန်အထိ စာချုပ်ချုပ် ဆိုခဲ့တာပါ။
ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ် ၁ နှစ် ကျန်ရှိသေးပေမယ့် အသင်းက ထွက်ခွာခွင့် ပေးခဲ့တာကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဂွန်ဒိုဂန်ဟာ ၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်းမှာ ၇ နှစ်ကြာကစားကာ ၂၀၂၃ ခုနှစ်မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ဂွန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီကြာသာ ကစားပြီးနောက် မနှစ်က နွေရာသီမှာ မန်စီးတီး အသင်းထံ ပြန်လည်ပြောင်းရွှေ့ လာခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၅၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၆၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂွန်ဒိုဂန်ဟာ ဒီရာသီအသင်းရဲ့ လူစာရင်းကို ကျစ်ကျစ်လစ်လစ် ဖြစ်ချင်နေတဲ့ နည်းပြ ဂွာဒီယိုလာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာပါ။
ဂွန်ဒိုဂန်ကို တွေ့ရစဉ်
ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဂွန်ဒိုဂန်က မန်စီးတီးအသင်းဟာ သူ့နှလုံးသားရဲ့ အထူးတစ်နေရာမှာ အမြဲတမ်း ရှိနေမှာဖြစ်ပြီး ပွဲကစားချိန် အများအပြား ရရှိချင်တာကြောင့် ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ခဲ့တာလို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့တဲ့ ဂိုးသမား အီဒါဆန်လည်း ဂွန်ဒိုဂန်ရဲ့ တူရကီပြိုင်ဘက်ကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အီဒါဆန်ရဲ့ နေရာမှာ PSG အသင်း ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူ အားဖြည့်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ လိဂ်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC