CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉
အိန္ဒိယစူပါလိဂ် ကလပ်အသင်း တစ်သင်းဟာ အီတလီတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက တူရကီကလပ် ဒီမာစပေါ်အသင်းမှာ ကစားခဲ့တဲ့ ဘာလော့တယ်လီဟာ ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
ဘာလော့တယ်လီဟာ နွေရာသီမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အခွင့်အရေးရခဲ့ပြီး ကီရာလာဘလာစတာ အသင်းနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် The Times of India က အိန္ဒိယစူပါလိဂ်ကလပ် ကီရာလာအသင်းဟာ ဘာလော့တယ်လီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ကီရာလာအသင်းဟာ ဘာလော့တယ်လီကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိကအကြောင်းအရင်း ၂ ခုရှိတယ်လို့လည်း သိရပါတယ်။
ကီရာလာအသင်းက ဘာလော့တယ်လီဟာ သူတို့ရဲ့လက်တွေ့ကျတဲ့ ပစ်မှတ်မဟုတ်ဘူးလို့ ယုံကြည်ခဲ့သလို သူ့ရဲ့ အရင်ကဖြစ်ပျက်ခဲ့တဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်တွေကြောင့် စာချုပ် မချုပ်ဆိုခဲ့တာပါ။
ဘာလော့တယ်လီကို တွေ့ရစဉ်
ဘာလော့တယ်လီဟာ ခြေစွမ်းပိုင်း ကောင်းမွန်သူဖြစ်ပေမယ့် သူ့ရဲ့ဆိုးသွမ်းတဲ့ အပြုအမူတွေကြောင့် အသင်း အများအပြားက သူ့ကိုခေါ်ယူဖို့ ငြင်းဆန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူးလ်နဲ့ နိုက်စ်အသင်းတို့ အပါအဝင် အသင်း အများအပြားမှာ ပါဝင် ကစားခဲ့တဲ့ ဘာလော့တယ်လီဟာ ကလပ်အသင်းသစ် ရှာဖွေမှုကို ဆက်ပြီး ပြုလုပ်ရဖို့ရှိနေတာပါ။
ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ရာသီက ဒီမာစပေါ်အသင်းအတွက် ၁၆ ပွဲသာ ကစားနိုင်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် ပွဲအများအပြားကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီမာစပေါ်အသင်းအတွက် ၁၆ ပွဲသာ ကစားနိုင်ခဲ့ပေမယ့် ၇ ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
ဘာလော့တယ်လီဟာ အီတလီအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုး သွင်းယူကာ ၂၀၁၈ ခုနှစ် နောက်ပိုင်း လက်ရွေးစင်အသင်းမှာ ပါဝင်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။
Source: Goal