CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ခြေချင်းဝတ် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ နီးစပ် နေပြီဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့်နှစ်ပတ်အတွင်း ပြန်ကစားနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

စကာလိုနီက “မက်ဆီဟာ ထူးခြားတဲ့ ကစားသမားဖြစ်တဲ့အတွက် ဘောလုံးနဲ့ ပတ်သက်ရင် သူ့အပေါ် မမှီခိုဖို့က အသင်းတစ်သင်းအတွက် ခက်ခဲပါတယ်။ မက်ဆီဟာ ခန့်မှန်းခြေ နှစ်ပတ်အတွင်း ပြန်ကစားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ပြီးရင်တော့ သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို ကျနော်တို့ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့တာပါ။ 

မက်ဆီဟာ ပြီးခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာ ရရှိပြီးကတည်းက အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိတော့သလို အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲစလုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

ခြေချင်းဝတ် ဒဏ်ရာရရှိနေတဲ့ မက်ဆီဟာ မကြာသေးခင်က အင်တာမိုင်ယာမီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်တာပါ။

 မက်ဆီကို တွေ့ရစဉ်

အဲဒါကြောင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက မက်ဆီ နှစ်ပတ်အတွင်း ပြန်ကစားနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီကို မေဂျာလိဂ် ပလေးအော့ဖ်ပွဲတွေ မတိုင်ခင်မှာ အသင်း အတွက် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတာပါ။ 

မက်ဆီအနေနဲ့ ဒဏ်ရာကသက်သာပြီး ကြံ့ခိုင်မှု အပြည့်အဝရှိမယ်ဆိုရင် အာဂျင်တီးနားအသင်းဟာ သူ့ကို အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းမှာ ရွေးချယ်သွားဖို့ရှိနေပါတယ်။ 

သတင်းတွေအရ မက်ဆီဟာ စက်တင်ဘာ ၁၄ ရက်မှာ ကစားမယ့် ဖီလာဒဲလ်ဖီးယားအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်လာနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: Goal