CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ကစားသမားဘဝကနေ အနားယူမယ့် အစီအစဉ်မှာ သူ့အသက်အရွယ်ကို ဆုံးဖြတ်တဲ့အချက်အဖြစ် ထည့်သွင်းမစဉ်းစားဘူးလို့ ပြောလိုက်ပါတယ်။

မက်ဆီက “ကျနော်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခြင်း မရှိတော့ဘူး၊ မပျော်ရွှင်တော့ဘူး ဒါမှမဟုတ် အသင်းဖော် တွေကို အကူအညီ မပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်မှာ ကစားသမားဘဝကနေ အနားယူမှာပါ။ ဘယ်အသက် အရွယ်မှာ အနားယူမယ်လို့ မတွေးထားပါဘူး။ ဘောလုံးကစားရတာ ကောင်းမွန်တယ်လို့ ခံစားရရင် ကျနော် ဆက်ပြီး ကစားနေဦးမှာပါ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ အင်တာမိုင်ယာမီအသင်းထံ မပြောင်းရွှေ့ခင် ဘာစီလိုနာအသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့တဲ့ မက်ဆီဟာ လာမယ့်ဇွန်ထဲမှာ အသက် ၃၇ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် မက်ဆီရဲ့ ကစားသမားဘဝ ကုန်ဆုံးချိန်ဟာ နီးကပ်လာပြီဖြစ်ပေမယ့် ကစားသမားကတော့ သူအနား ယူမယ့် အချိန်ကို အသက်အရွယ်နဲ့ ဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ ပြောလာခဲ့တာပါ။ 

ဒါအပြင် မက်ဆီက သူဟာ ဘောလုံးလောကမှာ အောင်မြင်မှုအားလုံးကို ရယူခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်။

 မက်ဆီကို တွေ့ရစဉ်

မက်ဆီက “နောက်ထပ်အိပ်မက်က ဘာလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော်ဟာ ဘောလုံးမှာ အောင်မြင်မှုတွေ အားလုံးကို ရယူပြီးပါပြီ။ ကျနော်ရဲ့ ကစားသမားဘဝမှာ အရာအားလုံးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ကျနော်ကံကောင်းခဲ့တယ်”လို့ ပြောပါတယ်။

မက်ဆီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ကလပ်အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး တစ်ဦးချင်းဆုတွေလည်း မရေမတွက်နိုင်အောင် ရရှိခဲ့ပါတယ်။ 

ဒါအပြင် မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား၊ ကိုပါအမေရိကဖလားတွေကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာပါ။ 

မက်ဆီဟာ ဒဏ်ရာကြောင့် အာဂျင်တီးနားအသင်း နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံး မပါဝင်နိုင်ခဲ့ပေမယ့် နွေရာသီမှာကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ဦးဆောင်ပြီး ပါဝင်မှာဖြစ်ပါတယ်။ 

Source: CNA