CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ စီစဉ်ထားပေမယ့် အခုအချိန်မှာ အနားယူဖို့ မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။

မက်ဆီက “အင်တာမိုင်ယာမီက ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်မယ်ထင်ပါတယ်။ အခုအချိန်မှာတော့ ဘောလုံးလောက ကနေထွက်ခွာဖို့ ကျနော်အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်ဟာ ဘောလုံးကစားရတာကို နှစ်သက်ပါတယ်။ အရာအားလုံးပြီးဆုံးသွားမှာကိုတော့ ကျနော် အနည်းငယ်ကြောက်မိပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။

ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့အတွက်လည်း ရွေးချယ်ခွင့်ရှိနေတာပါ။ 

အဲဒါကြောင့်လည်း မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီ မေဂျာလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာမိုင်ယာမီ အသင်းအတွက် ၁၂ ပွဲ ကစားထားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၁၃ ဂိုးဖန်တီးထားတာပါ။

မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်နေပြီး ၂၀၂၁ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလားကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အာဂျင်တီးနား အသင်းဟာ ဇွန်လ ၂၀ ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC