CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ အံ့မခန်းဖွယ် ရာသီဖြတ်သန်းခဲ့တဲ့ အသင်းဖော် လူးဝစ်ဒီယက်ဇ်ဟာ Ballon d'Or ဆုအတွက် ယှဉ်ပြိုင်သူတစ်ဦးလို့ ယုံကြည်နေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ဒီယက်ဇ်က Ballon d'Or ရဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျနော့်အတွက် သူဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ၅ ဦးထဲမှာ ရှိနေပါတယ်။ ကမ္ဘာ့ဖလားမှာ ကျနော်တို့ ဗိုလ်လုပွဲ ရောက်ခဲ့ရင် သူဟာ Ballon d'Or ဆုကို ရနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားတို့ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိခဲ့ပါတယ်။
ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းဖော် အိုလီဆီ တစ်ဦးတည်းသာ လိဂ်မှာ သူ့ထက် ဂိုးဖန်တီးမှုများခဲ့တာပါ။

ဒီယက်ဇ်ကို တွေ့ရစဉ်
ကိုလံဘီယာအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် လုပ်နိုင်ရင် ဒီယက်ဇ်ဟာ Ballon d'Or ဆုရတဲ့ ပထမဆုံး ကိုလံဘီယာကစားသမား ဖြစ်လာနိုင်ပါတယ်။
ဖယ်လ်ကာအိုက ၂၀၁၂ ခုနှစ်မှာ အဆင့် ၅ နေရာ ရပ်တည်ခဲ့တာက ကိုလံဘီယာသမိုင်းမှာ Ballon d'Or အမြင့်ဆုံး ရောက်ရှိတဲ့ အဆင့် သတ်မှတ်ချက်ဖြစ်ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ အဆင့် ၈ နေရာ ရပ်တည် နိုင်ခဲ့ တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်နေတဲ့ ကိုလံဘီယာအသင်းဟာ ပေါ်တူဂီ၊ ဥဇဘတ်ကစ္စတန်၊ DR ကွန်ဂိုအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ဥဇဘတ်ကစ္စတန်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
