CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ ရည်မှန်းထားတဲ့ ရီးရယ်လ်အသင်း ကြယ်ပွင့် ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ 

ကလပ်လီယွန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အစောပိုင်းက မက္ကဆီကိုမှာ ဆက်နေဖို့ စီစဉ်ထား ပေမယ့် အခုအချိန်မှာတော့ အမေရိကန်ထံ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ 

ကိုလံဘီယာအသင်း ခေါင်းဆောင်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ အဲဗာတန်၊ အယ်လ်ရေယန်၊ အိုလံပီယာကို့စ်၊ ဆော်ပေါ်လိုနဲ့ ဗယ်လက်ကာနိုအသင်းတွေမှာ ကစားခဲ့ပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကလပ်လီယွန်အသင်းမှာ ၃၄ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 

စပိန်သတင်းစာ မာကာနဲ့ အခြားသတင်းတွေက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘတ်စ်ခရူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ဖော်ပြထားပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဆန်းတို့်စ်အသင်းက စိတ်ဝင်စားမှု မရှိဘူးလို့ ငြင်းဆန်ထားတာပါ။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ် 

ကိုလံဘီယာအသင်းအတွက် ၁၂၂ ပွဲ ပါဝင်ကစားထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နိုင်ငံအသင်း ကစားသမားဘဝ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ရယူဖို့ အိပ်မက်မက်နေကြောင်း ဖွင့်ဟထားပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာ လက်ရွေးစင်အသင်းနဲ့ ဆုဖလားအောင်မြင်မှု မရရှိသေးတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပစ်မှတ်ထားနေတာပါ။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လှပတဲ့သွင်းဂိုး ၁ ဂိုးသွင်းယူခဲ့ပြီး ဒီသွင်းဂိုးအတွက် Puskas ဆု ရခဲ့သလို ကွာတားဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ကိုလံဘီယာအသင်းအတွက် ၆ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရခဲ့ပါတယ်။ 

ကိုလံဘီယာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥဇဘတ်ကစ္စတန်၊ ပေါ်တူဂီ၊ ပလေးအော့ဖ်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ အုပ်စုကျရောက်နေတာ ဖြစ်ပါတယ်။ 

Source: Goal