CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ကိုလံဘီယာလက်ရွေးစင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မေဂျာလိဂ်ကလပ် မင်နီဆိုတာယူနိုက်တက်အသင်းထံ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ချုပ်ပြီး ပြောင်းရွှေ့ခဲ့ပါတယ်။ 

မင်နီဆိုတာအသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ကာလတို စာချုပ်ချုပ်ခဲ့ပေမယ့် ဒီဇင်ဘာလအထိ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မက္ကဆီကိုကလပ် လီယွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပုံစံကောင်းရနိုင်ဖို့ အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ကျနော့်ဘဝရဲ့ အခန်းကဏ္ဍသစ်အတွက် ကျနော် အလွန်ပျော်ပါတယ်။ ဒီမြို့နဲ့ ကျနော့်ကို ယုံကြည်ပေးနေတဲ့ လူတိုင်းအတွက် ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်ဖို့ ကျနော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျနော်ဟာ ကွင်းထဲမှာ အရာအားလုံး ပေးဆပ်ပြီး အမြဲတမ်း အနိုင်ရချင်တဲ့သူ ဖြစ်တဲ့အတွက် စိတ်အား ထက်သန် မှု ပြင်းထန်တဲ့ မင်နီဆိုတာ ပရိသတ်တွေနဲ့တွေ့ဆုံချင်တယ်”လို့ ပြောခဲ့ပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ အဲဗာတန်၊ အယ်လ်ရေယန်၊ အိုလံပီယာကော့စ်၊ ဆော်ပိုလို၊ ဗယ်လက်ကာနိုနဲ့ ကလပ်လီယွန်အသင်းတွေမှာ ကစားခဲ့တာပါ။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မက္ကဆီကို ကလပ်အတွက် ၁၄ ပွဲကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီး နိုင်ခဲ့ပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်းအတွက် ခြေစွမ်း ပြသနေဆဲဖြစ်ပြီး ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲ မှာ နိုင်ငံအသင်းကို ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ကာ ဒီပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နိုင်ငံအသင်းနဲ့ သူ့ရဲ့နောက်ဆုံး ပြိုင်ပွဲဖြစ်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်း ဆုံး လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

 Source: ESPN