CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရကာ အာဆင်နယ်အသင်းနဲ့ အမှတ်ကွာဟမှုကို ၆ မှတ်အထိ လျှော့ချနိုင်ခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက သူတို့ဟာ အာဆင်နယ်အသင်းကို လိုက်မီနိုင်ဆဲဖြစ်သလို ၁၃ ပွဲအတွင်းမှာ အများကြီး ဖြစ်ပျက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “၆ မှတ် ကွာဟနေတာက ကြီးမားတဲ့ ကွာခြားမှုဆိုပေမယ့် အရာအားလုံး ဖြစ်ပျက်နိုင်ပါတယ်။ ၆ မှတ်က အာဆင်နယ်အတွက် လုံလောက်ပြီလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ၁၃ ပွဲကစားဖို့ ရှိသေးသလို၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေလည်း ရောက်လာမှာပါ။ ဒဏ်ရာတွေလည်း ရရှိနိုင်ပါတယ်။ ကျနော်တို့ဟာ သူတို့အမှားလုပ်တာနဲ့ အခွင့်အရေးကို ရယူနိုင်ဖို့ အသင့်ရှိနေရမှာပါ။ ပြီးတော့ သူတို့ကို အိမ်ကွင်း ကစားရဦးမှာဖြစ်လို့ အနိုင်ယူရမှာပါ”လို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီပွဲမှာ လီဗာပူးလ်အသင်း ကွင်းလယ်လူ ဆိုဘို့ဆလိုင်းရဲ့ ဖရီးကစ်သွင်းဂိုးနဲ့ အရေးနိမ့် နေခဲ့ ပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ဘာနာဒိုဆေးလ်ဗားက ချေပဂိုးသွင်းပြီး ဟာလန်းက ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းကို ၆ မှတ်အကွာနဲ့ အဆင့် ၂ နေရာ ကနေ ဆက်ပြီး ဖိအားပေးနေတာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်နိုင်သေး တယ်လို့ ယုံကြည်နေပါတယ်။

မန်စီးတီးနဲ့လီဗာပူးလ် ယှဉ်ပြိုင်နေစဉ်

ဒီပွဲရဲ့နောက်ဆုံးမိနစ်မှာ ချာကီက မန်စီးတီးအသင်းအတွက် တတိယဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဟာလန်းကို ဆိုဘို့ဆလိုင်းက အနောက်ကနေ ဆွဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ 

ဒီဖြစ်ရပ်ကို VAR နဲ့ ပြန်သုံးသပ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးက မန်စီးတီးအသင်းကို ဖရီးကစ်ပေးခဲ့ပြီး ဆိုဘို့ဆလိုင်းကို အနီကတ်ပြသခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဆိုဘို့ဆလိုင်းကို အနီကတ် မပြသဘဲ သူတို့ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့သင့် တယ်လို့ ဒီဖြစ်ရပ်အပေါ် မှတ်ချက်ပေးခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆာလက်ကို ဆွဲချခဲ့တဲ့ မန်စီးတီးအသင်း နောက်ခံလူ ဂူဟီ အနီကတ် ပြထုတ်ပယ်ခံရသင့်ပြီး ရလဒ်ကို ဒေါသထွက်သလို စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ရှုံးပွဲကြောင့် အဆင့် ၄ နေရာက ယူနိုက်တက်အသင်းနဲ့ ၅ မှတ် အကွာအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

Source: ESPN