CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ လာမယ့်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ဗိုလ်လုပွဲလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ဟာ အာဆင်နယ်နဲ့ ဗိုလ်လုပွဲရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့ အနားယူမှုတွေ ပြုလုပ်သွားမှာပါ။ ကျနော်အနာဂတ်ကို မတွေးချင်ပါဘူး။ ကစားသမားတွေဟာ နိုင်ငံအသင်းဆီ သွားရမှာဖြစ်လို့ ပတ်ဝန်းကျင် အပြောင်းအလဲက ကောင်းပါတယ်။ သူတို့ထဲက တချို့ကတော့ သူတို့ရဲ့ မိသားစု တွေနဲ့ တွေ့ဆုံခွင့်ရပါလိမ့်မယ်။ ကျနော်တို့ ပြန်လာတဲ့အချိန်မှာ အာဆင်နယ်နဲ့ပွဲအတွက် ပြင်ဆင်ဖို့ အချိန် ၃ ရက် ရှိပါတယ်”လို့ ပြောပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ 

 ဂွာဒီယိုလာကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ၆၄ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းက ရမှတ်တူ၊ ဂိုးကွာခြား ချက်နဲ့ အဆင့် ၂၊ မန်စီးတီးအသင်းက ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့တာကြောင့် မန်စီးတီးအသင်းဟာ နောက်ဆုံး ၆ နှစ်အတွင်း အမှတ်ပေးဖလားကို ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ရာသီသစ် မစတင်ခင် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရခဲ့သလို ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာလည်း မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ဂွာဒီယိုလာကတော့ ပြီးခဲ့တဲ့ရာသီကလိုပဲ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အာဆင်နယ်အသင်းကို အနိုင်ရယူနိုင် မယ်လို့ ယုံကြည်နေပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ မတ် ၃၁ ရက်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: Metro