CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၁

မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီက အသင်းအနေနဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်းကို ဖန်တီးတာ အဆုံး မသတ်စေဖို့အတွက် တစ်ပွဲတောင် အမှားခံလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။

ရိုဒရီက “အာဆင်နယ်နဲ့ပွဲက ဗိုလ်လုပွဲလိုဖြစ်ပြီး ရာသီကုန်တဲ့အထိ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားရမှာပါ။ ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ ရှိနေပေမယ့် တစ်ပွဲသာရှုံးမယ်ဆိုရင် ချန်ပီယံပြေးလမ်းကြောင်းကနေ ဖယ်ပေးရ သလို ဖြစ်သွားပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ချန်ပီယံဆုရယူနိုင်ဖို့အတွက် ရမှတ် ၉၀ နဲ့ ၁၀၀ အကြား ရောက်ရှိဖို့က လိဂ်ရဲ့တောင်းဆိုတဲ့ အရာပါ။ ဒါကြောင့် အာဆင်နယ်အသင်းနဲ့ပွဲက စပြီး ပွဲတိုင်းကို လက်တွေ့ ကျကျ အနိုင်ယူရပါမယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန် အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်မှာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် ဒီမျှော်လင့်ချက်ကို ဆက်ပြီးထိန်းသိမ်းနိုင်မှာပါ။

ဒါပေမယ့် တစ်ပွဲသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားလိမ့်မယ်လို့ ရိုဒရီက မန်စီးတီး အသင်းကို သတိပေးစကား ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီနောက်ပိုင်း အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲအထိ နိုင်ပွဲရရှိခဲပြီး ၁ ပွဲသရေကျကာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းဟာ အာဆင်နယ် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီ အာဆင်နယ်အသင်း အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အီးတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို အနိုင်ရလဒ်ရယူပြီး သူတို့ရဲ့ စံချိန်မှတ်တမ်းဆိုးကို ရပ်တန့်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

Source: Dailymail