CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ကွင်းလယ်လူ ရိုဒရီက ချန်ပီယံဆုအတွက် သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတဲ့အတွက် သူတို့အကောင်းဆုံး လုပ်သွားမယ်လို့ အာဆင်နယ်အသင်းကို မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ 

ရိုဒရီက “ကျနော်တို့ဟာ ဂိုးပြတ်အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေး အများအပြား ဖန်တီးနိုင်ခဲ့ပေမယ့် စိတ်ပျက် စရာဖြစ်ခဲ့ပြီး ဒါကဘောလုံးပါပဲ။ ကျနော်တို့ဟာ ဒီအဖြစ်အပျက်ကနေ သင်ယူရမှာဖြစ်ပြီး အဝေးကြီး ကျန်နေ သေးတဲ့အတွက် လာမယ့်ပွဲကို အာရုံစိုက်ဖို့လိုပါတယ်။ ဒုတိယပိုင်းမှာ ပွဲကိုဘယ်လို ကစားရမလဲဆိုတာ ကျနော်တို့ မေ့သွားတဲ့အတွက် သူတို့က ပွဲကိုထိန်းချုပ်ခဲ့ပြီး လွယ်ကူတဲ့ ဘောလုံးတွေကလည်း ဆုံးရှုံးခဲ့ပါတယ်။ ရှည်လျားတဲ့ ရာသီ ဖြစ်တဲ့အတွက် ကျနော်တို့ ဆက်သွားရမှာပါ”လို့ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ရိန်းဒါးစ်ရဲ့ ပထမပိုင်းမှာ သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းအတွက် ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ရိုဒရီကိုတွေ့ရစဉ်

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က ဆန်းဒါလန်းအသင်းနဲ့ပွဲမှာ သရေကျခဲ့ပြီး ဒီပွဲမှာလည်း သရေကျခဲ့တဲ့ အတွက် ၂ ပွဲဆက်တိုက် ရမှတ်တွေ ဆုံးရှုံးခဲ့တာပါ။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားရဖို့ ရေပန်း အစားဆုံးဖြစ်နေတဲ့ အာဆင်နယ်အသင်းနဲ့ ၆ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးသွင်းခဲ့တဲ့ ရိန်းဒါးစ်က သူတို့ဟာ အခြေအနေတွေကို ပြောင်းလဲအောင် လုပ်နိုင် မယ်လို့ ယုံကြည်မှုရှိနေဆဲဖြစ်ပြီး လာမယ့်ပွဲက အလွန်အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းရဲ့ အဓိကနောက်ခံလူ ၂ ဦးဖြစ်တဲ့ ရူဘင်ဒီယက်ဇ်နဲ့ ဂျီဗာဒီရယ်လ်တို့ဟာ ဒီပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နောက်တန်း ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် စိုးရိမ်မှုရှိနေပြီး သူတို့မှာ ကစားသမားတွေ မရှိဘူးလို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ် အသင်းက လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Metro