CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၁

အင်တာမိုင်ယာမီအသင်း လက်ထောက်နည်းပြ မိုရာလက်စ်က အသင်းခေါင်းဆောင် မက်ဆီဟာ တံကောက်ကြော ဒဏ်ရာကြောင့် နယူးယော့ခ်စီးတီးအသင်းနဲ့ပွဲကို မပါဝင်နိုင်ခဲ့ပေမယ့် မွန်တာရေးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ကလပ်အသင်းက မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

မိုရာလက်စ်က "မက်ဆီဟာ ကုထုံးပညာရှင်နဲ့ အလုပ်လုပ်နေပါတယ်။ နယူးယော့ခ်စီးတီးနဲ့ပွဲမှာ သူမပါဝင်နိုင်ခဲ့ ပေမယ့် ကျနော်တို့က သူ့ကို လာမယ့် မွန်တာရေးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဒဏ်ရာကြောင့် မတ်လ ၁၃ ရက်ကတည်းက အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းခဲ့ခြင်းမရှိပါဘူး။

မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ကြားရက်ထဲမှာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။

အဲဒါကြောင့် ပွဲကြီးပွဲကောင်းဖြစ်တဲ့ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို အသင်းအတွက် ပြန်လည် ပါဝင်ကစား‌ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ နယူးယော့ခ်စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၆ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်ထွက်ပေါ်ထားတာပါ။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူကာ ၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။

Source: ESPN