CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၀

ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ထင်ကြေးတွေကို ဂရုမစိုက်ဘူးလို့ အဲရစ်တန်ဟတ်က ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်ဟာ ကောလာဟလတွေကို အာရုံစိုက်သွားမှာ မဟုတ်ဘဲ အကောင်းဆုံးအဆင့်မှာ ကစားပြီး ကစားသမားတွေ တိုးတက်လာဖို့ကိုပဲ အာရုံစိုက်သွားမှာပါ။ ဒါက ယူနိုက်တက်အသင်း ဖြစ်တာကြောင့် ဒီအသင်းနဲ့ သက်ဆိုင်တဲ့သူတွရဲ့ ပတ်ဝန်းကျင်မှာ အမြဲတမ်း ဆူညံနေပါလိမ့်မယ်။ ဒါတွေကို ကျနော်လည်း ဂရုစိုက်မှာ မဟုတ်သလို ကစားသမားတွေလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လှေတစ်ခုတည်းမှာ အတူရှိနေပြီး အသင်းအတွက် ရလဒ်ကောင်းတွေရရှိအောင် လုပ်ရမယ်ဆိုတာကို သိတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ နွေရာသီမှာ နည်းပြအဖွဲ့ကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ နည်းပြရှိသား အသင်းနဲ့ချိတ်ဆက်မှုတွေ ခံရတာဟာ လေးစားမှုမရှိဘူးလို့ တုန့်ပြန်ထားတာပါ။ 

ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်နဲ့လည်း သတင်းထွက်ခဲ့ပေမယ့် သူကတော့ ဒီသတင်းတွေကို ငြင်းဆန် ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာပါ။ 

ဒါပေမယ့် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားအပြီးမှာ ၁၁ ပွဲအထိ ရှုံးနိမ့်ထားကာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိနေပြီး ဒီရာသီအကုန်မှာ ထုတ်ပယ်ခံရင် မန်ချက်စတာကလပ်ဟာ လျော်ကြေးပေးရမှာလည်း ဖြစ်ပါတယ်။

Source: BBC