CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၀
 
လီဗာပူးလ်နဲ့ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး လေဗာကူဆင်အသင်းမှာ ဆက်နေမယ့် ဇာဘီအလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို နားလည်တယ်လို့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပြောခဲ့ပါတယ်။

ကလော့ပ်က "ကျနော်လည်း ဒီလိုပဲလုပ်ခဲ့တာပါ၊ ဒါကို ဘယ်တော့မှ နောင်တမရပါဘူး။ ဇာဘီဟာ မယုံနိုင်စရာ ကောင်းတဲ့အလုပ်ကို လုပ်နေပြီး လေဗာကူဆင်ကလည်း အလွန်ကောင်းမွန်တဲ့ အသင်းအဖြစ် ရှိနေပါတယ်။ သူတို့ ဟာ ဒီအသင်းကို အတူတူ ထိန်းထားနိုင်ပါလိမ့်မယ်။ သူဘာကြောင့် ဒီလိုမျိုး လုပ်ချင်တာလဲဆိုတာ ကျနော် နားလည်တယ်"လို့ ပြောခဲ့တာပါ။

ဒီရာသီမှာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံရှုံးပွဲ မရှိအောင် ကိုင်တွယ်ထားတဲ့ ဇာဘီအလွန်ဆိုက လာမယ့်ရာသီ လေဗာကူဆင်အသင်းမှာပဲ ဆက်ရှိမယ်လို့ အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ 

ဇာဘီအလွန်ဆိုကတော့ လေဗာကူဆင်အသင်းဟာ သူ့အတွက် အကောင်းဆုံး နေရာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့တာပါ။ 

ကလော့ပ်ကိုယ်တိုင်ကလည်း သူ့ရဲ့ ငယ်ရွယ်တဲ့ နည်းပြဘဝမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် ဇာဘီအလွန်ဆိုနဲ့ တူညီတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့နည်းပြဘဝအစကို မိန့်ဇ်အသင်းမှာ ၂၀၀၁ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ ကိုင်တွယ်ကာ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

ကလော့ပ်ဟာ ဒေါ့မွန်အသင်းမှာလည်း ၇ နှစ်ကြာ ကိုင်တွယ်ပြီးနောက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကာ ဆုဖလားအောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ကလော့ပ်ဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ အန်ဖီးလ်ကလပ်ဟာ နည်းပြသစ် ရှာဖွေနေတာပါ။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် မခန့်အပ်နိုင်ပြီး နောက် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီနဲ့ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အေမိုရင်မ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Source: Goal