CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅

ဖူလ်ဟမ်အသင်းကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရပြီး ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နည်းပြ ကလောပ့်က လီဗာပူးလ်အသင်းရဲ့ ပြီးပြည့်စုံတဲ့ ကာရာဘောင်းခရီးစဉ်ကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

ကလော့ပ်က “ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲနဲ့ ပတ်သက်တဲ့ အရာအားလုံးက ကောင်းပါတယ်။ ကျနော်တို့ ဟာ ဒီပြိုင်ပွဲအပြင် တခြားပြိုင်ပွဲတွေ အားလုံးကိုလည်း အာရုံစိုက်သွားမှာပါ။ ဗိုလ်လုပွဲတက်နိုင်တာဟာ ကျနော်တို့ အတွက် ပြီးပြည့်စုံခဲ့ပါတယ်။ ဝင်ဘာလေဟာ ထူးခြားကောင်းမွန်တဲ့နေရာဖြစ်ပြီး ဒီမှာပါဝင်တဲ့သူတိုင်းဟာ ဒီ အတွေ့အကြုံကို ထပ်ပြီးရမှာဖြစ်တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးကို လူးဝစ်ဒီယက်ဇ်က သွင်းယူခဲ့ပြီး ဒီအော့ပ်က ဖူလ်ဟမ်အသင်း အတွက် ချေပဂိုးသွင်းယူခဲ့တာပါ။

 ကလော့ပ်ကို တွေ့ရစဉ် 

ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားခဲ့တုန်းက လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ လီဗာပူးလ်အသင်းအနိုင်ရပြီး ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ နောက်ဆုံး ၂ နှစ်အတွင်း ၃ ကြိမ်မြောက် ပြည်တွင်းဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရင် ၂ ကြိမ်စလုံးမှာ လီဗာပူးလ်အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။  

လီဗာပူးလ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဆုဖလား ၄ လုံး စလုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေ တာပါ။ 

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီ ၂၈ ရက်မှာ FA ဖလားစတုတ္တအဆင့်ပွဲစဉ်အဖြစ် နော်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail