CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကို အချိန်ပိုမှာ အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ကွာတားဖိုင် နယ် အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

ဒီပွဲရဲ့ မိနစ် ၉၀ အတွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့တာမှာ ဘီလ်ဘာအိုအသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဘီလ်ဘာအိုအသင်းကို ဘောလုံးပိုင်ဆိုင်မှုသာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု အပိုင်းတွေမှာ ဘီလ်ဘာအိုအသင်းက အပြတ်အသာရခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ မကြာသေးခင်ကလည်း စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲမှာလည်း ထိပ်ဆုံးနေရာကအသင်းနဲ့ ၈ မှတ်ကွာဟနေတာပါ။

အဲ့ဒါကြောင့် ဘာစီလိုနာအသင်း အတွက်တော့ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ချန်ပီယံလိဂ်ဖလားသာ ရှိတော့တာ ဖြစ်ပါတယ်။ 

 ဘာစီလိုနာနည်းပြ ဇာဗီကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတယ်လို့ နည်းပြဇာဗီက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဇာဗီက “ကလပ်အသင်းကြီးတွေမှာရှိတဲ့ နည်းပြတွေအားလုံးက ဆုဖလားတွေအပေါ်မှာ မူတည်ပါတယ်။ ဒါပေ မယ့် ကျနော်တို့ဟာ လူငယ်တွေကို အသုံးပြုပြီး အသင်းကောင်းတစ်သင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ပါတယ်။ ကျနော်တို့ဟာ ကလေးတွေကို အသုံးပြုပြီး ကစားနေတာပါ။ ကျနော်ဒီမှာ ရှိရှိ၊ မရှိရှိ ဘာစီလိုနာအသင်း မှာ ကြီးမားတဲ့ အနာဂတ်ရှိပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ မျိုးဆက်သစ်တွေကို ပိုင်ဆိုင်ထားပေ မယ့် အလုပ်ကြိုးစားပြီး အနိုင်ရဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ကိုပါဒယ်ရေးဖလား ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဒါပေမယ့် ယာမဲလ်ဟာ ဘာစီလိုနာအသင်း ဂိုးရနိုင်မယ့် အခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့တာကြောင့် သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် နည်းပြ ဇာဗီကတော့ ဆယ်ကျော်သက် ကစားသမားကို အပြစ်တင်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၂၇ ရက်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN