CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက သူ့ရဲ့ ကစားသမားတွေအနေနဲ့ သူ့ကိုယုံကြည်မှုမရှိရင် အိတ်တွေကို ထုပ်ပိုးပြီးထွက်ခွာသွားမယ်လို့ ပြောလိုက်ပါတယ်။

ဇာဗီက “ကျနော်ဒီကလပ်ကို ချစ်မြတ်နိုးပြီး တစ်ခုခုယူဆောင်ပေးဖို့ ဒီမှာရှိနေတာပါ။ ဒီလိုမှမလုပ်နိုင်ရင် ကျနော် အိမ်ပြန်မှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ကျနော်တို့လာလီဂါဖလားမရရင် ကျနော်ဒီမှာတောင် ရှိမှာမဟုတ်ပါဘူး။ ကျနော့်ရဲ့ ကစားသမားတွေက ကျနော့်ကိုယုံကြည်မှုမရှိတော့တဲ့နေ့မှာ အိတ်တွေကိုထုပ်ပိုးပြီး ထွက်ခွာသွားမှာပါ။ တစ်စုံတစ်ဦးက ပြဿနာရှိတယ်လို့ ပြောရင် ကျနော်ထွက်သွားမှာပါ”လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရယ်လ်အသင်းကို စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဂိုးပြတ်အရေးနိမ့် ပြီးနောက် အသင်းရဲ့ ကစားသမားတွေဟာ နည်းပြ ဇာဗီအပေါ် ယုံကြည်မှုမရှိတော့ဘဲ နည်းစနစ်ပိုင်းတွေအပေါ် မေးခွန်းထုတ်မှုတွေရှိလာတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာရလဒ်ဆိုးနေပြီး ထိပ်ဆုံးနေရာက ဂျီရိုနာအသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည် နေတာပါ။ ဒါပေမယ့် ဇာဗီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကို စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဇာဗီဟာ ဘာစီလိုနာအသင်းကစားသမားဘဝမှာ ဆုဖလားပေါင်း ၂၅ ခု ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ နည်းပြအဖြစ် ကိုင်တွယ်ဖို့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါ ဆုဖလားကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ မလွယ်ကူပေမယ့် ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ကို ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားပါတယ်။ အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီဆုဖလားတွေကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဇာဗီက “ပိုင်ရှင်တွေက ကျနော့်ကို ကာတာကလပ်ကနေ ခေါ်ယူခဲ့တုန်းက ကလပ်ရဲ့ သမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့်တစ်ခုဖြစ်နေတယ်လို့ ပြောခဲ့ပြီး ကျနော်တို့ဟာ ပြုပြင်းပြောင်လဲရေးလုပ်ငန်းစဉ်မှာ ရှိနေပါတယ်။ ကျနော်ကတော့ အေးဆေးတည်ငြိမ်နေပါတယ်။ ကျနော်တို့ဟာ ကျရှုံးတာထက် အောင်မြင်မှုနဲ့ ပိုပြီး နီးစပ် ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၂၁ ရက်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ရီးရယ်လ်ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC