CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ရီးရယ်လ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး လာလီဂါအမှတ်ပေးဇယားကို ၁၂ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းချန်ပီယံဖြစ်ပြီလို့ မခံစားရသေးကြောင်း နည်းပြ ဇာဗီက ပြောလိုက်ပါတယ်။

ဇာဗီက “လိဂ်ကို မဆုံးဖြတ်ရသေးပေမယ့် ဒါဟာ ကြီးမားတဲ့နိုင်ပွဲပါ။၁၂ ပွဲ ကျန်ပါသေးတယ်။ ဒါကြောင့် ကျနော်တို့ ချန်ပီယံလို့ မခံစားရသေးပါဘူး။ ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်သလို ရီးရယ်လ်ထက်လည်း ပိုပြီးကောင်းပါတယ်။ အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ကျနော်တို့မှာ ထူးခြားတဲ့ လိဂ်ရာသီတစ်ခု ရှိနေပါပြီ။ကျနော်တို့ ကစားသမားတွေအတွက် အလွန်ဂုဏ်ယူပြီး၊ ခင်ဗျားတို့ သူတို့ကို တန်ဖိုးထားရပါမယ်။ကျနော်တို့ဟာ ပွဲကို ကြီးစိုး နိုင်ခဲ့သလို ပိုကောင်းတဲ့အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်ပါတယ်” လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ရီးရယ်လ်အသင်းက ဘာစီလိုနာနောက်ခံလူ အာရူဟိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ရော်ဘတ်တိုက ချေပဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကတ်ဆီက ဘာစီလိုနာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ဘာစီလိုနာအသင်း က ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၁၉ နောက်ပိုင်းပထမဆုံးလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမယ့် ဇာဗီကတော့ ချန်ပီယံဆုရယူနိုင်ဖို့အတွက် ဒီထက်ပိုပြီးကြိုးကြိုးစားစားလုပ်ဆောင်ဖို့ အသင်းသားတွေ ကို ပြောခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာနည်းပြက လိဂ်ချန်ပီယံဖြစ်ပြီဆိုတာကို လက်မခံပေမယ့် ပရိသတ်တွေ ချန်ပီယံဆိုပြီး သီဆိုနေတဲ့အပေါ်မှာတော့ နားလည်နိုင်တယ်လို့ ပြောခဲ့တာပါ။

ဇာဗီက “ချန်ပီယံ၊ချန်ပီယံဆိုပြီး သီဆိုနေတဲ့ အသင်းပရိသတ်တွေကို ကျနော်နားလည်ပါတယ်။ဒါပေမယ့် ကျနော် တို့ဟာ ဒီဆုဖလားကို မရသေးဘူးဆိုတာကို သိပါတယ်။ကျနော် ဘာစီလိုနာအသင်းကို တာဝန်ယူကတည်းက ပရိသတ်တွေရဲ့ အားပေးမှုတွေဟာ အလွန်ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ ၄ ကြိမ်တွေ့ဆုံထားခဲ့တာမှာ ၃ ကြိမ်အထိအနိုင်ရထားပြီး ၁ ကြိမ်သာ အရေးနိမ့်ခဲ့တာပါ။ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ သူတို့ဟာ လာလီဂါဆုဖလားကို အလျှော့ပေးမှာမဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော်တို့ရဲ့ ကစားပုံအတွက် ဂုဏ်ယူပါတယ်။ကျနော်တို့ဟာ ရာသီအကုန်ထိ ပြိုင်ပွဲ အားလုံးမှာ တိုက်ပွဲဝင်သွားမှာပါ။ သေချာတာကတော့ ကျနော်တို့ဟာ လာလီဂါဆုဖလားအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားဦးမှာပါ” လို့ ပြောခဲ့တာပါ။

ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ဟာ ဒီရာသီ ၅ ကြိမ်မြောက်တွေ့ဆုံမှုအဖြစ် စပိန်ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

Source:DailyMail