CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ၁၀ ပွဲကို ဗိုလ်လုပွဲလို ကစားဖို့အတွက် နိုင်ငံပွဲတွေအပြီးမှာ တူညီတဲ့ စိတ်ထား၊ဆာလောင်မှုတွေနဲ့အတူ ပြန်လာဖို့ အသင်းသားတွေကို ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ပွဲတွေကို ထိန်းချုပ်နိုင်ပြီး လိဂ်မှာဆို ၆ ပွဲဆက်တိုက်အနိုင်ရခဲ့တာက အလွန် ကောင်းပါတယ်။ကျနော်တို့ကစားခဲ့တဲ့ ကစားပုံစံတွေ၊ ရရှိခဲ့တဲ့ ရလဒ်တွေကြောင့်လည်း ဒါက အလွန်ကောင်းမွန် တယ်လို့ ကျနော်တို့ ခံစားရပါတယ်။အခုအချိန်မှာတော့ ကျနော်တို့ ဒါကို ရပ်တန့်ရတော့မှာပါ။ဒါပေမယ့် နိုင်ငံ ပွဲစဉ်တွေကနေ ပြန်လာတဲ့အချိန်မှာ တူညီတဲ့ စိတ်ထား၊ ဆာလောင်မှုတွေနဲ့ ပြန်လာခဲ့ကြပါ။ကျနော်တို့ နောက်ထပ်ကစားရမှာက လိဒ်စ်နဲ့ ဖြစ်ပြီး အဲ့ဒီပွဲအတွက်ကို အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၈ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး သူတို့ရဲ့ လက်ကျန် ၁၀ ပွဲထဲမှာ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ ပါဝင်နေတာပါ။

အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာကတော့ ဒီလက်ကျန် ၁၀ ပွဲကို ဗိုလ်လုပွဲလို ကစားပြီး ကွင်းထဲ မှာ အရာအားလုံးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ တိုင်းကို ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးနဲ့အထက် ပြုလုပ်နိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခု ကိုလည်း ရရှိထားတာပါ။

ဆာကာက “ကျနော်တို့ ဗိုလ်လုပွဲ ၁၀ ပွဲကိုသွားရပါမယ်။ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းမှာမရှိဘဲ ပရီးမီးယားလိဂ် တစ်ခုတည်းသာရှိတာပါ။ကျနော်တို့ဟာ ဒီပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပြီး ကွင်းထဲမှာလည်း အရာ အားလုံးကို ပေးသွားမှာပါ။ကျနော်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် ပင်ပန်းပါတယ်။ တစ်ခါတစ်ရံမှာ ခက်ခဲ ပေမယ့် အဆုံးမှာရတဲ့ ဆုဖလားက ကျနော်တို့ကို အရာအားလုံးပေးစွမ်းနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးခင်ရက်ပိုင်းက စပို့တင်းလစ္စဘွန်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်က ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို ရဖို့ ပိုပြီးအာရုံစိုက်လာနိုင်မှာ ဖြစ်တယ်လို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေက ပြောထားပါတယ်။

Source:DailyMail