CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်နေတဲ့ သားဖြစ်သူရဲ့ သတင်းတွေဟာ အတုအယောင်တွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခု အချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။

အဲဒါကြောင့် မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထင်ကြေးတွေဟာ ခေါင်းကြီးပိုင်းအဖြစ် ရှိနေခဲ့တာ ဖြစ်ပါ တယ်။ အခုရက်ပိုင်းမှာ မက်ဆီရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒါကို ဂျော့ချ်မက်ဆီက ငြင်းဆန်ခဲ့တာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ နည်းပြ ဂယ်လ်တီယာနဲ့ ပြဿနာတွေ ဖြစ်ခဲ့တာကြောင့် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်ကနေ ထွက်ခွာခဲ့သလို ပီအက်စ်ဂျီကလည်း မက်ဆီရဲ့ စာချုပ်သစ်နဲ့ ပတ်သက် တဲ့ အခြေအနေတွေကို လက်ခံနိုင်ဖွယ် မရှိဘူးလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါအပြင် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကို ပြောင်းဖို့ မက်ဆီက လစာအဖြစ် ယူရိုသန်း ၆၀၀ ပေးဖို့ တောင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ဂျော့ချ်မက်ဆီက ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဂျော့ချ်မက်ဆီက “သတင်းအတုအယောင်တွေ၊ ဒါတွေကို မယုံကြည်ကြပါနဲ့။ ကျနော်တို့ဟာ လိမ်ညာတဲ့ အရာ တွေကို လက်မခံနိုင်တော့ပါဘူး။ ဘယ်လောက် ကြာကြာလိမ်နေကြမှာလဲ။ စမ်းသပ်စစ်ဆေးမှုတွေက ဘယ်မှာလဲ။ ဖော်လိုဝါတွေ ရဖို့အတွက် နောက်ထပ် တီထွင်မှုတွေကို သည်းခံနေမှာ မဟုတ်တော့ဘူး”လို့ ပြောခဲ့တာပါ။

ဂျော့ချ်မက်ဆီကိုတွေ့ရစဉ်

မက်ဆီကတော့ လက်ရှိအချိန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြောထားခြင်း မရှိသေးတဲ့အတွက် ရာသီအကုန် ထိ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေ သလို၊ အသင်းဟောင်း ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင် စားတယ်လို့ ပြောထားတာပါ။

ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်တယ်လို့ ပြောထားပြီး ဂျာနယ်လစ် ဂူလမ်ကလည်း မက်ဆီဟာ နယူးဝဲလ်အိုးဘွိုင်းစ်ကို ပြန်မှာမဟုတ်ဘဲ ဥရောပဘောလုံး လောကမှာ ဆက်ပြီး ရှိနေမယ်လို့ ပြောထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဒီရာသီမှာ ဆုဖလား ရယူနိုင်စရာအဖြစ် လီဂူးဝမ်း ချန်ပီယံဆုကိုသာ ရယူနိုင်ဖို့ ရှိတော့တာပါ။ ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် ရီးနတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal