CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားနေပြီး လီဂူးဝမ်းချန်ပီယံအသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ က ပီအက်စ်ဂျီအသင်းကို ၂ နှစ်စာချုပ်နဲ့ ရောက်ရှိလာတဲ့ မက်ဆီဟာ အခု နွေရာသီမှာ စာချုပ်ကုန်ဆုံး တော့မှာဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေကလည်း တိုးတက်မှုမရှိသေးပါဘူး။ မက်ဆီ ဟာ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာတာကြောင့် အသင်းဟောင်း ဘာစီလိုနာအသင်းက သူ့ကိုပြန်ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

စပိန်မီဒီယာမာကာကတော့ အသက် ၃၅ နှစ်အရွယ်ရှိ ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆို နိုင်ဖို့ မျှော်လင့်ထားပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ သဘောထားဟာ ပြောင်းလဲသွားပြီး ပြင်သစ်မှာ သူ့ အနာဂတ်ကို စဉ်းစားနေတယ်လို့ ဖော်ပြထားတာပါ။ မကြာသေးခင်က ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ကလည်း မက်ဆီရဲ့စိတ်ကို ပြောင်းလဲမှုဖြစ်သွားစေနိုင်တယ်လို့လည်း အဆိုပါ သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းကတော့ မက်ဆီရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကစားသမားကို အသင်းထံ ပြန်လာဖို့ လမ်းဖွင့်ပေးထားတယ်လို့ မကြာခဏဆိုသလို ထုတ်ပြောထားတာပါ။ဒါ့အပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ၊ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းတို့ကလည်း မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။မက်ဆီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ပြောင်းခဲ့ ပြီးနောက် အယ်လ်ဟီလယ်အသင်းကလည်း မက်ဆီကို လုပ်ခလစာအများအပြားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေပြီး ၂၁ ပွဲ ပါဝင်ကစားထားကာ ၁၃ ဂိုးသွင်းယူပြီး ၁၄ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြီးခဲ့တဲ့ ပေးစ်ဒီကတ်ဆဲလ်အသင်းနဲ့ ပြင်သစ်ဖလားပွဲစဉ်မှာတော့ အနားပေးခံခဲ့ရပြီး မပါဝင်ခဲ့ပါဘူး။ဒါပေမယ့် ရိမ်းစ် အသင်းနဲ့ ကစားမယ့် လီဂူးဝမ်းပွဲစဉ်မှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအတွက် ပါဝင်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုရာသီ လီဂူးဝမ်းပွဲစဉ် ၁၉ ပွဲ ကစားအပြီးမှာ ဒုတိယနေရာက လန်းစ်အသင်းကို ၃ မှတ် အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

Source:DailyMail