CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၇

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီက ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်မှာ ခရီးဆက်နိုင်ဖို့ အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ရှိတယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ကျနော်တို့ဟာ အသေးစိတ် အချက်အလက်တွေနဲ့ ဆုံးဖြတ်ရမှာဖြစ်ပြီး ဘိုင်ယန်ကွင်းမှာ အနိုင်ရဖို့က အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ ကောင်းမွန်စွာ ပြင်ဆင်ထားပြီး အခြေအနေတွေကို ပြောင်းပြန်လှန် အောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ အခုအချိန်မှာ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ အသင်းကလည်း ပြီးခဲ့တဲ့ပွဲ အနည်းငယ်မှာ ပြောင်းသွားတယ်လို့ ထင်ပါတယ်။ ကျနော်တို့မှာ မတူညီတဲ့ မျက်နှာ တွေ ရှိနေပြီး အောင်ပွဲတွေက ကျနော်တို့ စိတ်အေးအေးချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကျနော်တို့ခရီးကို ဆက်သွားဖို့အတွက် ကြီးမားတဲ့ မျှော်လင့်ချက် ရှိပါတယ်။ ဒါကို ကျနော်တို့ ဆက်ပြီး ကြိုးစားသွားရမှာပါ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဘိုင်ယန်မြူးနစ် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်း အနေနဲ့ နောက်တစ်ဆင့် တက်ချင်တယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်း မှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မက်ဆီကတော့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းသားများကိုတွေ့ရစဉ်

ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ပထမအကျော့ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ကစားခဲ့တဲ့ ၃ ပွဲ စလုံး အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကလည်း ဒီပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ပွဲစလုံးမှာ ၁ ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား အသင်း ခေါင်းဆောင်ဟာ နန့်တက်စ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘဝ ဂိုး ပါဝင် ပတ်သက်မှု ၁၀၀၀ ပြည့် သွားခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပွဲဦးထွက်မှာ ခက်ခဲခဲ့ပေမယ့် အခုအချိန်မှာ အဆင်ပြေနေပြီလို့ လည်း ပြောခဲ့တာပါ။

မက်ဆီက “ပထမနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပဲရစ်မှာ လိုက်လျောညီထွေ ဖြစ်အောင် နေရတာ ခက်ခဲပါတယ်။ ဒီရာသီမှာတော့ ကျနော့်ရဲ့ စိတ်အားထက်သန်မှု၊ ဆန္ဒများစွာတွေနဲ့အတူ စတင်ခဲ့ရတာချင်း မတူညီပါဘူး။ ကျနော့်ရဲ့ ကလပ်၊ မြို့နဲ့ ပဲရစ်ဆိုတဲ့ အရာအားလုံးနဲ့ ပိုပြီး အဆင်ပြေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၂၉ ပွဲ ကစားထားပြီး ၁၈ ဂိုးသွင်းပြီး ၁၆ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

Source: Talk Sport/Goal