CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၈

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာတီတာက အကောင်းဆုံးအသင်း ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ဒီပြိုင်ပွဲမှာ အာဆင်နယ်အသင်းထက် ပိုကောင်းတဲ့အသင်းကို ကျနော် မမြင်တွေ့ခဲ့ပေမယ့် ကျနော်တို့ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ နှစ်ပွဲစလုံးမှာ ကျနော်တို့ ပိုပြီးထိုက်တန်တယ်လို့ ထင်ပါတယ်။ PSG အသင်း ဂိုးသမား ဒွန်နာရမ်မာက နှစ်ပွဲစလုံးမှာ အကောင်းဆုံးကစားသမားပါ။ ကျနော့် ကစားသမားတွေအတွက် အလွန်ဂုဏ်ယူမိပေမယ့် စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ကစားသမားတွေဟာ ပွဲအပြီးမှာ ငိုကြွေးခဲ့တဲ့အတွက် ဒီပွဲမှာ သူတို့ဘယ်လောက်လိုချင်လဲဆိုတာကို မြင်တွေ့ခဲ့ရတယ်”လို့ ပြောခဲ့တာပါ။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ PSG အသင်းဟာ အာဆင်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ PSG အသင်းအတွက် ဂိုးတွေကို ဖာဘီယန်ရုဇ်နဲ့ ဟာကီမီတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ဆာကာက သွင်းယူခဲ့တာပါ။

အာဆင်နယ်နဲ့ PSG ယှဉ်ပြိုင်နေစဉ် 

PSG အသင်းဟာ အာဆင်နယ်အသင်းကို ပထမအကျော့ကလည်း ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ PSG အသင်းဂိုးသမား ဒွန်နာရမ်မာဟာ ပထမအကျော့ကလိုပဲ အာဆင်နယ်အသင်းရဲ့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းအတွက်တော့ ၅ ရာသီဆက်တိုက် ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နည်းပြအာတီတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို အကောင်းဆုံးအသင်းအဖြစ် ဖော်ပြခဲ့တာပါ။

PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အသင်းအနိုင်ရဖို့ ထိုက်တန်တယ်ဆိုပြီး နည်းပြအာတီတာ ပြောတဲ့စကားကို သဘောမတူကြောင်း ပြောခဲ့ပါတယ်။

ဒါအပြင် PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အာဆင်နယ်အသင်းဟာ ကောင်းမွန်တဲ့ပွဲကို ကစားနိုင်ခဲ့ပေမယ့် သူတို့ဟာ ဗိုလ်လုပွဲကို ရောက်ရှိဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။

PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ မေလ ၃၁ ရက် ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN