CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဒေးဗစ်ရေယာနဲ့ ကယ်ပါတို့ ၂ ဦးထဲက ဘယ်ဂိုးသမားကို ပွဲထွက် အသုံးပြုမလဲဆိုတာ အတည်ပြုဖို့ ငြင်းဆန်ခဲ့ ပါတယ်။ 

ဒေးဗစ်ရေယာဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ပွဲထွက်နေရပြီး မနှစ်က နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူခဲ့တဲ့ ကယ်ပါဟာ ကာရာဘောင်းနဲ့ FA ဖလားပြိုင်ပွဲမှာ အဓိက ဂိုးသမားအဖြစ် ပွဲထွက် ပါဝင်နေရတာပါ။ 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ဖလားပြိုင်ပွဲတွေမှာ အဓိက အသုံးပြုနေတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ သူဘယ်လို ဆုံးဖြတ်မလဲဆိုတာ ဗိုလ်လုပွဲမှာ မြင်တွေ့ရမယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်

လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာ စိုးရိမ်မှုရှိခဲ့တဲ့ အီဇီဟာ ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာဖြစ်သလို ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေကို မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ နောက်ခံ လူ တင်ဘာတို့ဟာ ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ပါဝင်နိုင်ဖို့ အာတီတာက မျှော်လင့်နေပါတယ်။

ဒီရာသီမှာဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ် ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်က FA ဖလား ရယူပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးဖလားအဖြစ် ကာရာဘောင်းဖလား ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေတာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗိုလ်လုပွဲမှာ လူတိုင်း ပါဝင်ချင်တာကြောင့် သေချာစဉ်းစားပြီး ပွဲထွက် လူစာရင်းကို ရွေးချယ်မယ်လို့ ပြောထားတာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် နိုင်ငံတကာ ပွဲတွေပြီးရင် FA ဖလား၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ပြီး ပွဲကြပ်တွေကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ 

Source: Metro