CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁
လာမယ့် နွေရာသီမှာ နံပါတ် ၉ ကစားသမားသစ်ကို ခေါ်ယူဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတဲ့ နယူးကာဆယ်အသင်း ဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျက်ဆန်နဲ့ ဒီလပ်တို့ကို အဓိက ပစ်မှတ်တွေအဖြစ် သတ်မှတ် ထားပါတယ်။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းထံ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အစ်ဆက်ရဲ့ နေရာမှာ ဖြည့်ဆည်းဖို့ ရုန်းကန်နေရတာပါ။
နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူးသစ်တွေအဖြစ် ဝီဆာနဲ့ ဝိုလ်တီမာဒီတို့ကို နွေရာသီမှာ အားဖြည့်ခဲ့ပေမယ့် သူတို့အပေါ်မှာ အပြည့်အဝ ယုံကြည်မှုမရှိတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ စတုဂတ်အသင်းကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝိုလ်တီမာဒီဟာ နယူးကာဆယ်အသင်းအတွက် ၄၄ ပွဲကစားထားပြီး ၁၁ ဂိုးသွင်းယူထားကာ ဘရန်ဖို့ဒ်အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းလာခဲ့တဲ့ ဝီဆာဟာ အသင်းအတွက် ၂၁ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားတာပါ။

နယူးကာဆယ်အသင်း ကစားသမားကို တွေ့ရစဉ်
နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူမယ့် နယူးကာဆယ်အသင်းဟာ ဂျက်ဆန်နဲ့ ဒီလပ်တို့ ၂ ဦး ထဲက ၁ ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဂျက်ဆန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၆ ပွဲ ကစားထားတာမှာ ၇ ဂိုး သွင်းယူထားတာပါ။
ဒီလပ်ကတော့ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်း မရှိဘဲ ၃၁ ပွဲ ကစားထားတာမှာ ၂ ဂိုးသာ သွင်းယူ ထားပါတယ်။
သူတို့ ၂ ဦးစလုံးဟာ ချယ်လ်ဆီးအသင်းမှာ ရေရှည်ရှိဖို့ အာမခံချက် မရှိတာကြောင့် နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ ရွေးချယ်စရာအဖြစ် ရှိနေတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ဂိုးပြတ် အရေးနိမ့်ပြီး ထွက်ခွာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ အာရုံစိုက် ရတော့မှာဖြစ်ပြီး ဆန်းဒါးလန်းအသင်းနဲ့ ဒါဘီပွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
