CNI Sport Article 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆

အစ်စဝှစ်ချ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် ဒီလပ်ဟာ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားတဲ့ သူတွေဟာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ကံမကောင်းခဲ့တာကြောင့် ဒီနံပါတ်ကို ကျိန်စာအဖြစ်တောင် ဖော်ပြထားကြတာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ လက်ရှိ တိုက်စစ်မှူးတွေဟာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားခြင်း မရှိတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ကို နောက်ဆုံးဝတ်ဆင်ခဲ့သူက အူဘာမီယန်း ဖြစ်ပါတယ်။ 

ဒေါ့မွန်၊ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းမှာ တစ်ရာသီကြာသာ ကစားခဲ့ပြီး ပွဲပေါင်း ၂၁ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ 

အူဘာမီယန်းမတိုင်မီ ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့တဲ့သူက နာပိုလီအသင်းနဲ့ စီးရီးအေဖလားကို ရယူနိုင်ခဲ့တဲ့ လူကာကူ ဖြစ်ပါတယ်။

ဒီလပ်ကို တွေ့ရစဉ် 

လူကာကူဟာ အင်တာမီလန်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး အသင်းထံ ပြန်လည်ခေါ်ယူခဲ့တာပါ။

လူကာကူဟာ ချယ်လ်ဆီးအသင်းအတွက် အစပိုင်းမှာ ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေခဲ့ပေမယ့် နောက်ပိုင်းမှာ အငြင်းပွားဖွယ် အင်တာဗျူး အပါအဝင် အသင်းနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းမှာ တစ်ရာသီကြာသာ ရှိခဲ့ပါတယ်။ 

လူကာကူဟာ ချယ်လ်ဆီးအသင်းကနေ နာပိုလီအသင်းထံ အပြီးသတ် မပြောင်းရွှေ့မီ အင်တာမီလန်နဲ့ ရိုးမားအသင်းတွေမှာ အငှားကစားခဲ့တာပါ။

ကလပ်အသင်းတွေမှာ ကျောနံပါတ် ၉ ဝတ်ဆင်ရတာဟာ ကြီးမားတဲ့ ဂုဏ်ယူမှု ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်း မှာတော့ ဒီနံပါတ် ဝတ်ဆင်ရတာဟာ ကြီးမားတဲ့ ဖိအားတွေရှိပြီး ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်နေပုံရပါတယ်။ 

ရီးရယ်လ်၊ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားခဲ့တဲ့ ဟီဂူအင်နဲ့ မိုရာတာတို့လည်း ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်ခဲ့ပေမယ့် ရုန်းကန်ခဲ့ရတာပါ။ 

လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိလာကာ ချန်ပီယံလိဂ်ဖလား ရယူနိုင် ခဲ့တဲ့ ဖာနန်ဒိုတောရက်စ်လည်း နံပါတ် ၉ ကျိန်စာကနေ လွတ်မြောက်ခဲ့ခြင်း မရှိပါဘူး။ 

တောရက်စ်ကို တွေ့ရစဉ်

ဖာနန်ဒိုတောရက်စ်ဟာ ချယ်လ်ဆီးအသင်းကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာပြီးနောက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ဧပြီလရောက်မှသာ သွင်းယူကာ ၉၀၃ မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ် နိုင်ခဲ့တာပါ။ 

ဖာနန်ဒိုတောရက်စ်ဟာ ချယ်လ်ဆီးအသင်းမှာ ၄ ရာသီကြာ ကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ သာ သွင်းယူနိုင်ခဲ့ပြီး အေစီမီလန်၊ အသလက်တီကိုအသင်းတွေထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ဖာနန်ဒိုတောရက်စ်နဲ့ မိုရာတာတို့အကြားမှာ ကိုလံဘီယာ နာမည်ကြီး တိုက်စစ်မှူး ဖယ်လ်ကာအိုလည်း ချယ်လ်ဆီးအသင်းရဲ့ ကျောနံပါတ် ၉ ဝတ်ဆင်ခဲ့ပြီး သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲကစားခဲ့တာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

ဒီလပ်ကို တွေ့ရစဉ် 

ဖယ်လ်ကာအိုဟာ ချယ်လ်ဆီးအသင်းမတိုင်မီ ယူနိုက်တက်အသင်းမှာလည်း အငှားကစားခဲ့ပေမယ့် သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝဟာ ဆိုးရွားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေအတွင်း ချယ်လ်ဆီးအသင်းရဲ့ ကံမကောင်းခဲ့တဲ့ ကျောနံပါတ် ၉ ကို ဆက်ခံမယ့် ဒီလပ်အနေနဲ့ ဒီကျိန်စာဆိုးကို အဆုံးသတ်မလား ဒါမှမဟုတ် ဒီကျိန်စာဆိုးကို ထပ်ပြီးကြုံတွေ့ရမလားဆိုတာ စိတ်ဝင်စားနေ ကြပါတယ်။

ဒီလပ်အနေနဲ့ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဆုံးကစားရမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။ 

မန်စီးတီးအကယ်ဒမီထွက် ဒီလပ်ကတော့ ချယ်လ်ဆီးအသင်းကို အောင်မြင်မှုတွေ ထပ်ရယူပေးဖို့နဲ့ ထိပ်ဆုံးနေရာ ကို ပြန်ပို့ပေးချင်တဲ့ ရည်မှန်းချက်တွေကြောင့် လာခဲ့တယ်လို့ ဖွင့်ဟထားပါတယ်။ 

အဲဒါကြောင့် ဒီလပ်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် ၉ ဖိအားဒဏ်ကို ကျော်ဖြတ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Source: Dailymail