CNI International Article
၂၀၂၅ ခုနှစ် ၊ ဇွန်လ ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်( Thaksin Shinawatra) သည် အကျဉ်းချခံခဲ့ရချိန်အတွင်း ဘန်ကောက်မြို့ တော်ရှိ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံ၏ ၁၄ ထပ်တွင် နေထိုင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မေလ ၈ ရက်တွင် ထိုင်း ဆေးဘက်ဆိုင်ရာကောင်စီ (MCT)က ဆရာဝန် ၃ ယောက်ကို အရေးယူခဲ့သည့် စီရင်ချက် ချမှတ်ခဲ့သည်။
ထို့နောက် သက်ဆင်သည် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပြီးနောက် မေလ ၂၇ ရက်တွင် ပြည်သူ့မြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဝန်ကြီးချုပ် သက်တမ်းအတွင်း သွေးစွန်းသည့် မူးယစ်းဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို ဆင်နွှဲခဲ့သည့် သက်ဆင် သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး၏ ဖိတ်ကြားမှုနှင့်အတူ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။
သက်ဆင်သည် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ၏ အကြံပေး ပုဂ္ဂိုလ် ဖြစ်နေသဖြင့် ထိုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ထိုဖိတ်ကြားချက်အား သက်ဆင်ကို အမာခံထောက်ခံသူဖြစ်သည့် တရားရေးဝန်ကြီး တာဝီ ဆွတ်ဆောင် ( Tawee Sodsong) က အတည်ပြုပေးခဲ့သည်။
ရဲတပ်ဖွဲ့အထွေထွေဆေးရုံက ဆင်းလာတဲ့ သက်ဆင်ကို တွေ့ရစဉ်
သက်ဆင်သည် ဇွန်လ ၁၃ ရက်တွင် ပြုလုပ်မည့် တရားရုံးချုပ်၏ အစိုးရအရာရှိများဆိုင်ရာ ရာဇဝတ်မှုဌာန၏ ကြားနာစစ်ဆေးမှုမတိုင်မီ နိုင်ငံအတွင်းမှ ထွက်ပြေးဖွယ်ရှိသည့် ကောလာဟလများ ထွက်ပေါ်နေသည်။
ထို့ကြောင့် သူသည် ထိုမူးယစ်ဆေးဝါး ဆွေးနွေးပွဲတွင် ကောလာဟလများကို ငြင်းဆိုရန် အခွင့်အရေး ရရှိခဲ့သည်။
သက်ဆင်သည် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသော်လည်း ထိုင်းဘုရင်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုဖြင့် ထောင်ဒဏ် ၁ နှစ်သာ ကျခံခဲ့ရကာ သက်ဆင်ကို ပြစ်ဒဏ်ကာလမပြည့်မီ ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းဦးစီးဌာန၏ ဆုံးဖြတ် ချက်သည် တရားမျှတမှု ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆွေးနွေးပွဲသည် ဟန်ပြသက်သက်သာဖြစ်ခဲ့ပြီး ထိုပွဲတွင် သက်ဆင် သည် မူးယစ်ဆေးဝါးများနှင့်ပတ်သက်သည့် ၎င်း၏ တင်းမာသော ချဉ်းကပ်ဆောင်ရွက်မှုများအကြောင်းကို ပြောကြားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံများကို နှိမ်နင်းနိုင်ခြင်း မရှိခြင်းကြောင်း၊ ထိုင်းနိုင်ငံက ထိုအရေးကိစ္စကို ကိုယ်တိုင် ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများအား ဖျက်ဆီးသင့်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
မကြာသေးမီက သက်ဆင်အား ပညာပေးသင့်သည်ဟု အကြံပြုထားသည့် ထိုင်းဆေးဘက်ဆိုင်ရာ ကောင်စီဝင် များ၏ Line အက်ပလီကေးရှင်း group post တစ်ခုပေါက်ကြားလာခဲ့သည်။
ထိုပေါက်ကြားမှုနှင့်ပတ်သက်ပြီး သက်ဆင်က မူးယစ်ဆေးဝါး ဆွေးနွေးပွဲတွင် ထိုင်းဆေးဘက်ဆိုင်ရာကောင်စီ (MCT) ၏ ကျင့်ဝတ်သိက္ခာပိုင်းကို မေးခွန်းထုတ်ခဲ့သည်။
ကြီးလေးသည့် ပြစ်မှုများဖြင့် တရားစီရင်ခံရပြီး ထောင်ဒဏ်ကို ရှောင်လွှဲရန် ပြည်ပသို့ ထွက်ပြေးတိမ်းရှာင်ခဲ့ဖူး သည့် သက်ဆင်က MCT အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာရှိနေပုံပေါ်ကြောင်း ပြောကြားခဲ့သည်။
သက်ဆင်သည် MCT ကို ဒေါသထွက်နေခြင်းသည့် Line group post ကြောင့်မဟုတ်ပေ။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
ရဲတပ်ဖွဲ့အထွေထွေဆေးရုံတွင် နေခဲ့ရချိန်က ၎င်း၏ ကျန်းမာရေး အခြေအနေအမှန်ကို ထုတ်ဖော်ပြောကြားရန် MCT က တောင်းဆိုခဲ့သည့်အတွက် MCT အပေါ် ဒေါသထွက်နေခြင်းဖြစ်သည်။
စင်စစ်တွင် သက်ဆင်၏ ကျန်းမာရေး အခြေအနေကို အမှန်အတိုင်း ထုတ်ဖော်ရန် တောင်းဆိုမှုသည် MCT ၏ ချီးမွမ်းထိုက်သည့် လုပ်ဆောင်ချက်ဖြစ်သည်။
Line group post ကိစ္စ ပေါက်ကြားမှုကို ထည့်မတွက်ဘဲထားပါက MCT ၏ လုပ်ဆောင်ချက်သည် မှန်ကန်သည် ဟု အသိအမှတ်ပြုရမည် ဖြစ်သည်။
MCT ၏ ထိပ်သီး ဆရာဝင်များက သက်ဆင်သည် ရဲတပ်ဖွဲ့ဆေးရုံတွင် နေထိုင်ခဲ့ချိန်က ကျန်းမာရေး အခြေအနေ စိုးရိမ်နေရသော ခိုင်လုံသည့် သက်သေ အထောက်အထား မရှိကြောင်းနှင့် သက်ဆင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်သည် မှားယွင်းနေကြောင်း ထုတ်ပြန်ခဲ့သည်။
MCT ၏ ထုတ်ပြန်ချက်သည် သက်ဆင်နှင့် ၎င်း၏ မဟာမိတ်များအတွက် ကြီးမားသည့် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ သည်။
သက်ဆင်၏ မဟာမိတ်များကမူ သက်ဆင်သည် ထိုအချိန်က အလွန်နာမကျန်းဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် အကျဉ်းထောင်မှ ရဲတပ်ဖွဲ့အထွေထွေဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် သက်ဆင်သည် ထောင်ထဲတွင် ၁ ရက်ပင် မပြည့်ခဲ့ဘဲ ဆေးရုံတွင်သာ ခြောက်လကြာ နေထိုင်ခဲ့ရသည်။
ထို့ပြင် တရားရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတို့ကလည်း သက်ဆင်၏ ကျန်းမာရေး အခြေအနေမှန်ကို စုံစမ်းရန် ဆေးဘက်ဆိုင်ရာ အချက်အလက်များကို ကြည့်ရှုခွင့် တောင်းခံမှုများကို ကာဆီးကာဆီး လုပ်ပေးခဲ့သည်။
သက်ဆင်နှင့် တွေ့ဆုံခွင့်ပေးရန် သို့မဟုတ် သက်ဆင်၏ လူနာခန်းကို စုံစမ်းစစ်ဆေးခွင့်ပြုရန် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ တရားဝင် တောင်းဆိုချက်ကိုလည်း ရဲတပ်ဖွဲ့အထွေထွေဆေးရုံက ငြင်းဆိုခဲ့သည်။
ထို့ကြောင့် ထိုင်းဆေးဘက်ဆိုင်ရာကောင်စီ၏ စုံစမ်းစစ်ဆေးမှု ရလဒ်သည် အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့သည်။
သက်ဆင်၏ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွား နေသည်ဆိုသော ခိုင်လုံသည့် သက်သေ အထောက်အထား မရှိမှုသည် တရားရုံးချုပ်တွင် ကြားနာစစ်ဆေးမှုအတွင်း သက်ဆင်အတွက် ပျော့ကွက်တစ်ခုဖြစ်လာနိုင်သည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူသင် (Somsak Thepsuthin) ကမူ ဆရာဝန် ၃ ယောက်အား အရေးယူမည့် MCT ၏ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။
လက်ရှိတွင် ဆရာဝန် ၂ ဦးသည် ယာယီဆိုင်းငံ့ ခံထားရပြီး ဆရာဝင်တစ်ဦးသည် သတိပေးခံထားရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
ထိုဆရာဝန်များသည် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်ခြင်း မရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက်က ပြောကြားခဲ့သည်။
သို့သော် ဆွမ်ဆက်သည် သက်ဆင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်ပြီး MCT ၏ လေ့လာတွေ့ရှိချက်ကိုမူ ပြောင်းလဲနိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရလျှင် သက်ဆင်သည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိခဲ့သည်ဆိုသော ပြောကြား ချက်သည် အလိမ်အညာများ ဖြစ်နိုင်သည်။
လက်ရှိတွင် ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် သက်ဆင်တို့ ဦးဆောင်သည့် နိုင်ငံရေး အင်အားစုများကြား ဂုဏ်သိက္ခာကို ကာကွယ်နေရသည့် MCT ကို ထောက်ခံလာသည့် ဆရာဝန်များ ပိုမိုများပြားလာခဲ့သည်။
သက်ဆင်တို့ အုပ်စုဘက်မှ ဆေးဘက်ဆိုင်ရာကောင်စီကို ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက ဆေးဘက်ဆိုင်ရာ ကောင်စီနှင့် နိုင်ငံရေးအင်အားစုများ ထိပ်တိုက်တွေ့မှုသည် ပိုမိုပြင်းထန်လာဖွယ်ရှိသည်။
ဇွန်လ ၁၂ ရက်တွင် ဆေးဘက်ဆိုင်ရာကောင်စီသည် ကျန်းမာရေးဝန်ကြီး၏ ဗီတိုအာဏာကို တွန်းလှန်မည် ဟုတ်၊ မဟုတ် ဆုံးဖြတ်သွားမည်ဖြစ်ပြီး ကျင့်ဝတ်ချိုးဖောက်သည်ဟု သံသယရှိရသည့် ဆရာဝန် ၃ ဦးကို အရေးယူရန် ကောင်စီဝင်များကြား မဲပေးဆုံးဖြတ်သွားဖွယ်ရှိသည်။
ထို့နေ့အပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန်လ ၁၃ ရက်တွင်မူ တရားရုံးချုပ်၌ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် နေခဲ့ရချိန်အတွင်း သက်ဆင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်သည့် ပထမဆုံးအကြိမ် ကြားနာစစ်ဆေး မှုကို ပြုလုပ်မည်ဖြစ်သည်။
ထို့ကြောင့် MCT သည် ကျန်းမာရေးဝန်ကြီး ဆွမ်ဆက်၏ ဗီတိုအာဏာကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့မည်ဆိုပါက သက်ဆင်အတွက် ခေါင်းခဲစရာဖြစ်လာမည်ဖြစ်သည်။
“အမှန်တရားကို ဖုံးထားလို့ ရကောင်းရနိုင်မယ်။ ဒါပေမယ့် အမှန်တရားက ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး” ဆိုသည့် စကားပုံတစ်ခုကို သတိချပ်သင့်ပေသည်။
Source: ဘန်ကောက်ပို့စ်