CNI Articel

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူများဆိုသည့် ပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

တိုင်းရင်းသားဆိုသည့် အဓိပ္ပာယ်သည် မည်သို့ ဖွင့်ဆိုထားသလဲ လေ့လာကြည့်ရမည်။ တိုင်းရင်းသားဆိုသည်ကို လေ့လာကြည့်ရသလောက်တော့ ကိုလိုနီခေတ် သို့မဟုတ် တခြားရွှေ့ပြောင်း အခြေချမှုများ မတိုင်ခင်ကတည်းက အဆိုပါ ဒေသ(ဝါ)နယ်မြေ(ဝါ)နိုင်ငံတွင် မူလနေထိုင်ခဲ့ကြသူများဟု ဆိုကြသည်။

နယ်မြေ (ဝါ) နိုင်ငံ (ဝါ) ဒေသတစ်ခုမှာ သမိုင်းကြောင်းအရ နှစ်ပေါင်းများစွာ ကတည်းက စတင်နေထိုင်လာခဲ့ပြီး ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်ဘာသာစကားနှင့်စာပေ၊ ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးတမ်းများဖြင့် တည်ရှိနေသူများဖြစ်သည်ဟု သိရသည်။ 

လူမျိုးဆိုသည်မှာ အသားအရေ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များ၊ ယဉ်ကျေးမှုများ၊ နိုင်ငံများအပေါ် ကြည့်၍ သတ်မှတ်ကြကြောင်း သိရသည်။ ဥပမာ- တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ မြန်မာလူမျိုး၊ အမေရိကန်လူမျိုး၊  (နိုင်ငံသားဟု ပြောကြသူလည်းရှိ)။

ဤသို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံတွင် တိုင်းရင်းသားဖြစ်ပါက နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်ပြီး လူမျိုးဖြစ်ပါက နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုခွင့် အလွန်နည်းပါးသည်ဟု ဆိုရမည်။ (ဥပမာ- ရှမ်း/ကချင်/ကယား/မွန်/ကရင်/ ချင်း/ ရခိုင်/ ဗမာတို့သည် နယ်မြေပိုင်ဆိုင်ခွင့်အရ ခွဲထွက်ရေး/နိုင်ငံထူထောင်ရေးအထိ တောင်းဆိုနိုင် ပြီး တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ မွတ်ဆလင်လူမျိုး၊ ‌ဂေါ်ရခါးလူမျိုးများသည် နယ်မြေပိုင်ဆိုင်ခွင့် တောင်းဆိုမှုမရှိ သလို ခွဲထွက်ရေး/နိုင်ငံထူထောင်ရေး တောင်းဆိုခွင့်မရှိဘဲ တောင်းဆိုပါက ပြင်းပြင်းထန်ထန် နှိမ်နင်းခံရနိုင် သည်)။

မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အလွန်သိမ့်မွေနက်နဲသလို ကျယ်ပြန့်လှ သည့်အတွက် မြန်မာနိုင်ငံတွင် တိုင်းရင်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိတိကျကျ သေသေချာချာ ရှင်းလင်းထား သင့်သည်ဟု မြင်သည်။

အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံကို ကချင်၊ကယား၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင်၊ချင်း စသည့် တိုင်းရင်းသား လူမျိုးကြီး ၈ မျိုးနှင့် မျိုးနွယ်စုကွဲပေါင်း ၁၀၀ ကျော် စုစုပေါင်း ၁၃၅ မျိုးဖြင့် စုဖွဲ့ထူထောင်ထားခြင်းဖြစ်သည်ဟု ပြောထားခြင်းကြောင့် ဖြစ်သည်။ 

ထိုသို့ဆိုလျှင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးလုံးသည် တန်းတူညီမျှ အခွင့်အရေးများ ရသင့်ပြီး လူမျိုး တစ်မျိုးက ပိုအခွင့်အရေး ရနေသည်မျိုး မဖြစ်သင့်ဟု နားလည်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နောက်ထပ် ရှင်းရှင်းလင်းလင်း ဖြစ်ရန်လိုအပ်နေသော အခြေအနေတစ်ရပ် ရှိနေသေး သည်။ ထိုအချက်မှာ ဗမာက လူမျိုးလား တိုင်းရင်းသားလား ဘယ်လို ခံယူထားပါသလဲဆိုသော မေးခွန်းဖြစ်သည်။

ဗမာသည် တိုင်းရင်းသားဟု ခံယူထားသည်ဟု ယေဘူယျ နားလည်ထားသော်လည်း မည်သည့်အတွက်ကြောင့် ဗမာလူမျိုးတွေက တခြားလူမျိုးများဖြင့် ပြောဆို/ဆွေးနွေးသည့်အခါမှာ ဗမာမဟုတ်သော လူမျိုးများကို တိုင်းရင်းသားဟု သုံးနှုန်းရပါသနည်း။

ထိုအတူ ဗမာမဟုတ်သော လူမျိုးများက ဗမာလူမျိုးများဖြင့် ပြောဆို/ဆွေးနွေးသည့် အခါမှာလည်း မည်သည့် အတွက်ကြောင့် ဗမာကို တိုင်းရင်းသားဟု မသုံးနှုန်းရပါသလဲ။

ထို့နောက် ဗမာသည် လူမျိုးကြီး ကျင့်သုံးသည်ဟု ဗမာမဟုတ်သော လူမျိုးများက စွပ်စွဲလာကြသလို ဗမာလူမျိုး များကလည်း မိမိတို့သည် လူမျိုးကြီး ကျင့်သုံးမှုမရှိဘဲ ဗမာမဟုတ်သော လူမျိုးများက မိမိတို့ကို ခွဲခြားဆက်ဆံ နေပြီးတော့ ဖယ်ချဉ်နေသည်ဟု စွပ်စွဲလာကြသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ ထူထောင်ထားသော နိုင်ငံဖြစ်သည့်အတွက် အားလုံးက တန်းတူညီတူဖြစ်ရမည်။ 

သို့သော် နိုင်ငံတော်ကို အုပ်ချုပ်နေသူများနှင့် နိုင်ငံတော်၏ မိခင်ဥပဒေဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် တိုင်းရင်းသားများကြား စိတ်ဝမ်းကွဲကာ မညီညွတ်မှုဘက်ကို ဦးတည်နေခြင်းဖြစ်သည်။

ဥပမာ- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီးတော့ ပုဒ်မ ၂၂ (က)တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုး တိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပြန်သည်။

ထိုပြဋ္ဌာန်းချက် ၂ ခုအရ မြန်မာစာက ဘယ်စာလဲ၊ ဘယ်ဟာက မြန်မာစာလဲ၊ မြန်မာလူမျိုးက ဘယ်လူမျိုးကို ပြောနေတာပါလဲ၊ မြန်မာစာဆိုသော ဘာသာစကားနှင့်စာပေသည် ဗမာတိုင်းရင်းသား၏ ဘာသာစကားနှင့်စာပေ ဖြစ်နေသည်ကို တွေ့ရသည့်အတွက် မြန်မာသည် ဗမာလား၊ မြန်မာစာသည် ဗမာစာလား၊ မြန်မာစကားသည် ဗမာ စကားလား။

ထို့နောက် ပုဒ်မ ၂၂ (က)ပြဋ္ဌာန်းချက်ဖြင့် ဆက်စပ်ကြည့်ပါက မြန်မာ (ဝါ) ဗမာသည် တိုင်းရင်းသား မဟုတ်ဘူးဟု ဆိုလိုခြင်းလား၊ မြန်မာ (ဝါ) ဗမာသည် ရှမ်း/ကရင်/မွန်/ရခိုင်/ကချင်/ချင်း/ကယား အပါအဝင် မျိုးနွယ်စုကွဲများ၏ အပေါ်မှာ ရှိနေခြင်းလား၊ မြန်မာနိုင်ငံဆိုသော ယနေ့ နိုင်ငံကို မြန်မာ(ဝါ)ဗမာ တစ်မျိုးနွယ်တည်းက ထူထောင်ခဲ့ သည့် နိုင်ငံလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထား သည့် ရုံးသုံးဘာသာစကားနှင့်စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန် လိုအပ်မည်”ဟု ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-မိုင်းလား(NDAA)မှ ခေါင်းဆောင် များနှင့်တွေ့ဆုံချိန်မှာ ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာသော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရေး ကြိုးပမ်းနေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ ပြဋ္ဌာန်းချက်အရ ကျင်းပရသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဗမာမဟုတ်သော တိုင်းရင်းသားများ အားလုံးက လုပ်ကြရပေမယ့် ဗမာတိုင်း ရင်းသားများသည် ကျင်းပခြင်းမရှိသည်ကို တွေ့ရသည်။

မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားများက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မကျင်းပရ သနည်း၊ ထိုအခြေအနေကိုလည်း မည်သူမှ ရှင်းရှင်းလင်းလင်း ချပြသည်ကို မတွေ့ရဘဲ ‌ယောင်ဝါးဝါးသာ ပြော ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှာ ကျင်းပလေ့ရှိသော ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် ဗမာ သီချင်း၊ ဗမာအက၊ ဗမာဆိုင်းဝိုင်း၊ ဗမာ သီချင်းအရေး စသည့် ဗမာတိုင်းရင်းသားနှင့် သက်ဆိုင်သော အငွေ့အသက်များသာဖြစ်နေပြီး ကျန်တိုင်းရင်းသား များ၏ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမရှိသည်ကိုလည်း တွေ့နေရသည်။

ဤသို့ဆိုလျှင် ဗမာမဟုတ်သော တိုင်းရင်းသားများက စွပ်စွဲနေသည့် ဗမာလူမျိုးကြီး ကျင့်သုံးနေသည်ဆိုသော စကားသည် မှန်သလား မှားသလား ချင့်ချိန်ကြည့်ရန် လိုအပ်မည်ထင်သည်။ 

နောက်ဆုံး အနှစ်ချုပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံကို ဒီမိုကရေစီ၊ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်မည်ဆိုလျှင် မြန်မာ (ဝါ) ဗမာနှင့် တိုင်းရင်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရှင်းရှင်းလင်းလင်း ဖြစ်ရန် အရေးကြီးသည်ဟု ထင်သည်။

သို့မဟုတ်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကြား ရှုပ်ထွေးမှုကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့သလိုမျိုး မြန်မာနိုင်ငံသည်လည်း မြန်မာ(ဝါ)ဗမာနှင့် တိုင်းရင်းသားဆိုသော အဓိပ္ပာယ်ဖွင့်ဆိုမှုကြား ရှုပ်ထွေးမှုကြောင့် ပြည်တွင်းစစ်၏ နောက်ဆက်တွဲ နိုင်ငံပြိုကွဲရေးကို ဦးတည်သွားစေနိုင်သည်ကို သတိချပ်သင့်သည်။