CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၇ အာရှဖလားခြေစစ်ပွဲစဉ်မှာ ပါကစ္စတန်အသင်းကို အိမ်ကွင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ခြေစစ်ပွဲ ၂ ပွဲကစားထားတာမှာ ၂ ပွဲစလုံး အနိုင်နဲ့ ရမှတ် ၆ မှတ် ရရှိထားပါတယ်။
၁၉၆၈ က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အာရှဖလားကို တစ်ကြိမ်သာ ယှဉ်ပြိုင်ထားဖူးတဲ့ မြန်မာအသင်းအတွက် ဒီနိုင်ပွဲ တွေကြောင့် နှစ်ပေါင်း ၆၀ နီးပါးအကြာမှာ အာရှဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့် ချက်ရှိလာခဲ့တယ်လို့ ပြောရမှာပါ။
အုပ်စုတွင်းပွဲစဉ် ၄ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် အာရှဖလားယှဉ်ပြိုင်ခွင့်ရဖို့ဟာ မြန်မာအသင်းအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။
မြန်မာအသင်းဟာ နည်းပြ ဦးမျိုးလှိုင်ဝင်း လက်ထက်မှာ အကောင်းဆုံး ကစားသမား စုဖွဲ့မှုနဲ့အတူ ရလဒ်ကောင်း တွေ ပြန်ရယူနေတာပါ။
ပြီးခဲ့တဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နဲ့ ပွဲတွေမှာ မြန်မာအသင်း ကစားသမားတွေရဲ့ တိုက်ပွဲဝင်တဲ့ စိတ်ဓာတ်၊ ယုံကြည်မှုတွေ ပြန်မြင်တွေ့ရတာက ကောင်းမွန်တဲ့အရာဖြစ်ခဲ့ပါတယ်။
မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
မြန်မာအသင်းရဲ့ နိုင်ပွဲတွေမှာ ပရိသတ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ အရာအဖြစ်ရှိခဲ့တာပါ။
ပါကစ္စတန်အသင်းနဲ့ပွဲမှာ မြန်မာအသင်း ပရိသတ်အများအပြားဟာ ကွင်းအတွင်းမှာ ပွဲချိန်ပြည့် အားပေးမှု တွေကလည်း ကွင်းအတွင်းမှာရှိတဲ့ ကစားသမားတွေကို စိတ်အားတက်ကြွမှုတွေ ဖြစ်စေခဲ့ပါတယ်။
မြန်မာအသင်းဟာ နိုင်ပွဲတွေ ပြန်ပြီးရယူနေပေမယ့် အာရှဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရချင်တယ်ဆိုရင် အခုထက်ပိုပြီး လုပ်ဆောင်ရဦးမယ်ဆိုတာ အသင်းတစ်သင်းလုံးက လက်ခံထားကြပါတယ်။
မြန်မာအသင်းဟာ ပါကစ္စတန်အသင်းနဲ့ပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ တာဟာ နစ်နာခဲ့ရပြီး ကိုယ့်ထက် ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့တဲ့အချိန်မှာဆိုရင် သွင်းဂိုးတစ်ဂိုး လွဲချော်တာ က ပွဲအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်တာပါ။
မြန်မာအသင်းအနေနဲ့ အာရှဖလားခြေစစ်ပွဲမှာ အဓိကကျော်ဖြတ်ရမှာက ဆီးရီးယားအသင်း ဖြစ်ပါတယ်။
ဆီးရီးယားအသင်းဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာအသင်းထက် အများကြီး အသာရထားတာဖြစ်လို့ ဆီးရီးယားအသင်းနဲ့ တွေ့ဆုံရမယ့် ၂ ပွဲက အာရှဖလားခြေစစ်ပွဲအတွက် အဆုံးအဖြတ်ဖြစ်နိုင်တာပါ။
ဆီးရီးယားအသင်းဟာ မြန်မာအသင်းလိုပဲ အာရှဖလားခြေစစ်ပွဲ ၂ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်အနိုင်နဲ့ မြန်မာ အသင်းရဲ့ အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဆီးရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲကို ၇ ကြိမ် ယှဉ်ပြိုင်ထားပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၃ အာရှဖလား ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်နိုင်ခဲ့တာပါ။
မြန်မာအသင်း ပရိသတ်တွေကို တွေ့ရစဉ်
ဆီးရီးယားနဲ့ မြန်မာအသင်းတို့ဟာ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်မှာလည်း တွေ့ဆုံထားကြပါတယ်။
မြန်မာအသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့ပြီး ဆီးရီးယားအသင်း အိမ်ကွင်းအဖြစ် ဆော်ဒီနိုင်ငံ မှာ ကစားခဲ့တဲ့ ကြားကွင်းပွဲစဉ်မှာ ဆီးရီးယားအသင်းက ၇ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
အဲဒါကြောင့် ဆီးရီးယားအသင်းနဲ့ တွေ့ဆုံမယ့်ပွဲစဉ်ဟာ မြန်မာအသင်းအတွက် အလွန်ခက်ခဲမှာဖြစ်ပြီး ဒီနှစ်ပွဲကို ရလဒ်ကောင်းရယူပြီး ကျော်ဖြတ်နိုင်ခဲ့ရင်တော့ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်တဲ့ မြန်မာအသင်းရဲ့ မျှော်လင့်ချက် ပိုပြီးအားကောင်းသွားနိုင်ပါတယ်။
အုပ်စုတွင်းထိပ် ဆုံးနေရာမှာ ရပ်တည်တဲ့ အသင်းတစ်သင်းတည်းသာ အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်လို့ မြန်မာအသင်းအနေနဲ့ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ ကြိုးစားအားထုတ်မှုကို ပြင်းပြင်းထန်ထန် ပြုလုပ်ရ မှာပါ။
မြန်မာအသင်းနဲ့ ဆီးရီးယားအသင်းတို့ရဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးကို အောက်တိုဘာလ ရောက်မှသာ ယှဉ်ပြိုင်ရမှာဖြစ် လို့ မြန်မာအသင်းအနေနဲ့ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်တဲ့ မျှော်လင့်ချက်ကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။