CNI Sport Article

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆

မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ AFC အာရှဖလားခြေစစ်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်တဲ့ သူတို့ရဲ့မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရပါတယ်။ 

မြန်မာအမျိုးသမီးအသင်းဟာ အိမ်ကွင်းပရိသတ်တွေ အရှေ့မှာ ကစားခဲ့ရတဲ့ အာရှဖလား ခြေစစ်ပွဲ ဖြစ်တာကြောင့် အားလုံးက အများကြီးမျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ အာရှဖလားခြေစစ်ပွဲ အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ စခန်းသွင်းလေ့ကျင့်မှုကို သေသေချာချာ ပြုလုပ်ခဲ့သလို ဒီမတိုင်မီ ကစားခဲ့တဲ့ နီပေါဖိတ်ခေါ်ပွဲမှာ ချန်ပီယံဆုကို ရယူထားတာပါ။

အဲဒါကြောင့်လည်း ဘောလုံးအဖွဲ့ချုပ်ရော၊ ပရိသတ်တွေရောက မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားကို ၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်မှုရှိနေခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒါပေမယ့် အဆုံးအဖြတ်ပွဲဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ ပွဲမှာ မြန်မာအမျိုးသမီးအသင်းရဲ့ ဆိုးရွားတဲ့ပုံစံကို မြင်တွေ့ခဲ့ရတာပါ။ 

မြန်မာအမျိုးသမီးအသင်းဟာ လူပေးတာ အပါအဝင် အရာအားလုံး မှားယွင်းနေခဲ့ပြီး စိုးရိမ်မှုတွေနဲ့ ဖိအားတွေ အများကြီး ကျရောက်နေသလို ကစားနေခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ သူတို့ထက် ကမ္ဘာ့အဆင့် ၇၀ ကျော်နိမ့်တဲ့ ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ စိတ်ကြိုက်ကစားခြင်းကို ခံစားခဲ့ရပြီး လူကျွံထောင်ချောက်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ အကြိမ်ကြိမ် လူကျွံနေခဲ့တာပါ။ 

ဘင်္ဂလားဒေ့ရှ်အသင်းက နည်းဗျူဟာကျကျ ကစားနိုင်ချိန်မှာ မြန်မာအသင်းဟာ ရတဲ့အခွင့်အရေးတွေလည်း အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုး နောက်ထပ် တစ်ဂိုးမရခဲ့ဘဲ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာအသင်းနည်းပြရဲ့ ပွဲထွက် လူစာရင်းရွေးချယ်မှုနဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့က ပြောစရာရှိခဲ့ပေမယ့် ရလဒ်ကို ပြောင်းလဲလို့ မရတော့တဲ့အတွက် နောက်လာမယ့် ပြိုင်ပွဲတွေကိုသာ ပိုပြီး အာရုံစိုက် လုပ်ဆောင်ရတော့မှာပါ။

မြန်မာအမျိုးသမီး အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ပြန်ရရှိဖို့ အတွက်ဆိုရင် ဖိအားဒဏ်တွေကို ခံနိုင်အောင် လုပ်ဖို့သလို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ၂ ခုစလုံးကို အားကောင်းအောင် လုပ်ဖို့လည်း လိုအပ်တာဖြစ်ပါတယ်။

 မြန်မာအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒါမှလည်း မြန်မာအမျိုးသမီး အသင်းဟာ ပွဲကိုတည်ငြိမ်စွာ ကစားပြီး လိုချင်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်မှာပါ။

မြန်မာအမျိုးသမီးအသင်းမှာ ဝါရင့်ကစားသမားတွေ တစ်ဦးပြီးတစ်ဦး မပါဝင်နိုင်တော့တဲ့ အချိန်မှာ အသင်းကို ကွင်းအတွင်းမှာ ဦးဆောင်မောင်းနှင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တစ်ဦးလည်း မရှိမဖြစ် လိုအပ်နေပါတယ်။ ဒါမှလည်း ကွင်းအတွင်းမှာရှိတဲ့ ကစားသမားတွေ အားလုံးဟာ စိတ်အားတက်ကြွစွာနဲ့ ပွဲအပေါ်ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်မှာပါ။ 

ဒါအပြင် လိဂ်ပြိုင်ပွဲကနေ ကောင်းမွန်တဲ့ မျိုးဆက်သစ် ကစားသမားတွေကို ရှာဖွေဖို့လည်း ပြုလုပ်ရမှာ ဖြစ်ပါ တယ်။ 

လက်ရှိအချိန်မှာတော့ မြန်မာအမျိုးသမီး အသင်းအနေနဲ့ အာရှဖလားခြေစစ်ပွဲ ကျရှုံးမှုကို မေ့ပစ်ပြီး လာမယ့်ပြိုင်ပွဲ မတိုင်မီ ရုန်းထွက်ပြသရမှာပါ။

မြန်မာအမျိုးသမီးဟာ လာမယ့်ပြိုင်ပွဲတွေအဖြစ် သြဂုတ်ထဲမှာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ဒီဇင်ဘာမှာ ထိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲဟာ မြန်မာအမျိုးသမီး အသင်းအတွက် အာရှဖလား ခြေစစ်ပွဲ မအောင်မြင်ပြီးနောက် ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး ဖိလစ်ပိုင်၊ သြစတြီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်မှသာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်လို့ရမှာပါ။

အဲဒါကြောင့် မြန်မာအမျိုးသမီး အသင်းအနေနဲ့ လာမယ့်ပြိုင်ပွဲ ၂ ခုမှာ ဘယ်လောက်အထိ စွမ်းဆောင် နိုင်မလဲ၊ ပရိသတ်တွေအတွက် ဆုတံဆိပ်တွေ ရယူပေးပြီး ပြန်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။