CNI International Article

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈

အမေရိကန်သည် ကမ္ဘာ့ရေးရာများတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသဖြင့် နိုင်ငံအများအပြားသည် အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေး တည်ဆောက်ရာ၌ အကျိုးကျေးဇူးများနှင့် အန္တရာယ်များကို ချိန်ဆနေ ကြသည်။

စစ်ရေးအထောက်အကူမှအစ၊ နည်းပညာ အကူအညီအလယ်၊ စီးပွားရေးအရ မိတ်ဖက်ဆက်ဆံမှုများအဆုံး အမေရိကန်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေရခြင်းသည် အခွင့်အလမ်းများသာမက စိန်ခေါ်မှုများ ကိုလည်း ကြုံတွေ့ရလေ့ရှိသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်အင်အားနှင့် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ကာ သံတမန်ရေးရာ သြဇာလွှမ်းမိုးမှု အားကောင်းသဖြင့် နိုင်ငံအများစုက အမေရိကန်နှင့် မိတ်ဖက်ဖြစ်ချင်ကြသည်။

အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် နိုင်ငံများသည် ကုန်သွယ်ရေး အကျိုးအမြတ်များ ရရှိလေ့ရှိသည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အများဆုံးဝယ်ယူ တင်သွင်း သည့် နိုင်ငံဖြစ်သည်။

 တရုတ်နဲ့အမေရိကန်ကို တွေ့ရစဉ်

သို့သော် မကြာသေးမီက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်၏ မိတ်ဖက်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့သည့်အတွက် အမေရိကန်နှင့် ကုန်သွယ်သည့် နိုင်ငံအားလုံးကို ထိခိုက်စေခဲ့သည်။

အမေရိကန်နှင့် ပြိုင်ဘက်အဖြစ် ရှုမြင်ခံထားရသည့် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တင်ခဲ့သဖြင့် အခြားနိုင်ငံများကိုလည်း စိုးရိမ်စေခဲ့သည်။

တရုတ်သည် အမေရိကန်ပြီးလျှင် ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး အမေရိကန်နှင့် ဆက်ဆံရေး အဆင်မပြေသည့် နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံရေး ထူထောင်ထားသည်။

ထို့ကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိ၊ အမြဲတမ်း အကျိုးစီးပွားသာ ရှိသည် ဆိုသည့် ဆိုရိုးစကားသည် လက်တွေ့ကျသည့် ဆိုရိုးစကားဖြစ်သည်။

သမိုင်းကြောင်းကို ပြန်လည်သုံးသပ် ရမည်ဆိုလျှင်လည်း အမေရိကန်သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မိတ်ဖက် ဆက်ဆံရေးများ ပုံသေမရှိဘဲ မဟာဗျူဟာအရ လိုအပ်လျင် လိုအပ်သလို ပြောင်းလဲခဲ့သည်။

ဥပမာအားဖြင့် အမေရိကန်သည် အီရန်၏ ရှားဘုရင်၊ အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန် (Saddam Hussein) နှင့် အာဖဂန်နစ္စတန်၏ မူဂျာဟီဒင် လက်နက်ကိုင်များကို ထောက်ပံ့ပေးခဲ့သော်လည်း အမေရိကန်၏ အကျိုး စီးပွားများ ပြောင်းလဲသွားချိန်တွင် ထိုဆက်ဆံရေးများ ကျိုးပျက်သွားခဲ့သည်။

လက်ရှိတွင် အမေရိကန်နှင့် တရုတ် ပြိုင်ဆိုင်မှုများ ပြင်းထန်နေသဖြင့် နိုင်ငံအများစုသည် ၎င်းတို့၏ ဆက်ဆံရေး များကို ထိန်းညှိပြင်ဆင်နေရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယ၊ ဗီယက်နမ်၊ ဆော်ဒီနှင့် အခြားနိုင်ငံများသည် အမေရိကန်နှင့်သာမက အမေရိကန်၏ ပြိုင်ဘက်များ ဖြစ်သည့် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။

ထိုနိုင်ငံများသည် မိတ်ဖက်ဆက်ဆံရေးအတွက် သစ္စာစောင့်သိမှုကြောင့် မဟုတ်ဘဲ လက်တွေ့ကျသည့် ချဉ်းကပ် မှုဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ကမ္ဘာ့ခေါင်းဆောင်များကို တွေ့ရစဉ်

ထို့ကြောင့် နှစ်ဖက်စလုံးထံမှ အကျိုးအမြတ်များကို ရရှိခဲ့ပြီး တစ်ဖက်ကနိုင်ပြီး၊ တစ်ဖက်က ရှုံးသည့် ယှဉ်ပြိုင်မှု ကစားပွဲထဲတွင် ပိတ်မိခဲ့ကြခြင်းမရှိပေ။

အမေရိကန်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် ကြီးမားသည့် ကောင်းကျိုးများ ရရှိနိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့ သည် အမေရိကန်၏ လုံခြုံရေး အကာအကွယ်အောက်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအဖြစ် တည်ထောင်နိုင်ခဲ့ကြသည်။

နေတိုးအဖွဲ့ဝင် နိုင်ငံများကြားတွင်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ထောက်လှမ်းရေးသတင်းများ မျှဝေရာတွင် အမေရိကန်၏ အထောက်အကူကို ရရှိခဲ့သည်။

သို့သော် ထရမ့် လက်ထက်တွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ မှန်းဆမရခြင်းသည် နောက်ထပ် စိန်ခေါ်မှု တစ်ခုဖြစ်နေသည်။

ဂျာမနီ၊ ကနေဒါနှင့် တောင်ကိုရီးယားတို့ကဲ့သို့ မဟာမိတ်များသည် အမေရိကန်နှင့် ဆယ်စုနှစ်များစွာ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဤနိုင်ငံရေး စက်ဝန်းအတွက် ကြိုတင်ပြင်ဆင်ပြီး မည်သည့် အစိုးရ တစ်ခုတည်းကိုမျှ အလွန်အကျွံ အားကိုးခြင်းမှ ရှောင်ကြဉ်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

တရုတ်နဲ့အမေရိကန်ကို တွေ့ရစဉ်

အမေရိကန်၏ အာဏာအပျော့ (Soft power) အပျော့ကလည်း အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

အမေရိကန် ရုပ်ရှင်များ၊ မီဒီယာများ၊ အမေရိကန်ယဉ်ကျေးမှုနှင့် အမေရိကန်၏ ကုန်ပစ္စည်း အမှတ်တံဆိပ် များသည် အခြားနိုင်ငံများအပေါ် လွှမ်းမိုးထားပြီး အခြားနိုင်ငံများတွင် နေထိုင်သူများ၏ အတွေးအမြင်ကို ပုံဖော်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယနေ့ခေတ် ပြောင်းလဲနေသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် အမေရိကန်နှင့် မိတ်ဆွေဖွဲ့ရန် ထိုက်တန်မှု ရှိသလား ဟူသည့် မေးခွန်းကို ဖြေဆိုရမည်ဆိုပါက ထိုက်တန်သည်ဟု ဖြေဆိုရမည်ဖြစ်သည်။

သို့သော် အမေရိကန်နှင့် ဆက်ဆံရေးတွင် ဂရုတစိုက် တွက်ချက်မှုများနှင့် ရှင်းလင်းသည့် ဦးစားပေး ကိစ္စများကို ခွဲခြားသတ်မှတ်ရမည်ဖြစ်သည်။

လက်ရှိအချိန်အထိ နိုင်ငံအများစုသည် အမေရိကန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးမှတဆင့် အကျိုးအမြတ်များကို ရရှိရန် မျှော်လင့်နေကြပြီး ပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းတွင် အမေရိကန်၏ မဟာဗျူဟာ အပြောင်းအလဲများကို အနီးကပ်စောင့်ကြည့်ပြီး ချဉ်းကပ်ဆောင်ရွက်မှုများကို ထိန်းညှိရမည်ဖြစ်ပေသည်။

Source: Nikkei Asia