CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ရက်ပိုင်းသာ လိုတော့ချိန်တွင် နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ် ကို အန္တရာယ်ပေးနိုင်သည့် သတင်းအမှန်၊ အမှား ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကို ကျွမ်းကျင်သူများက "ဒဿနရေးရာ အကျပ်အတည်း" အဖြစ် ခေါင်းဆောင်တပ်ခဲ့ကြသည်။
အဓိပ္ပာယ်မှာ အခြေခံ အကြောင်းတရားများအပေါ် မတူကွဲပြားသည့် အမှန်တရားများကို မတူကွဲပြားသည့် လူပုဂ္ဂိုလ်များက ယုံကြည်နေကြသဖြင့် အခြေခံကျသည့် အမှန်တရားများအပေါ် အများသဘောဆန္ဒအရ တူညီသော ယုံကြည်မှုရရန် မဖြစ်နိုင်သည့်အခြေအနေကို စိတ်ပညာရှုထောင့်မှ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ အစွန်းရောက် စိတ်ဝမ်းကွဲပြားမှု၏ အကျိုးဆက်မှာ ဆိုးရွားလှပြီး နိုင်ငံကို ၂ ခြမ်း ကွဲသွားစေမည့် အခြေအနေသို့ ဦးတည်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ထင်ရှားသည့် ဥပမာတစ်ခုမှာ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်သူများအကြား မတူညီသော ယုံကြည်ချက်များ၊ တရားသေခံယူချက်များ ယနေ့တိုင် ဆက်ရှိနေ ခြင်းဖြစ်သည်။
စစ်တမ်းများအရ ထိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ထောက်ခံသော ရီပတ်ဘလစ်ကန်များထဲမှ ၆၉ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲ၌ မဲမသမာမှု ရှိနေသည်ဆိုသည့် အယူအဆအား ဆက်လက်ကိုင်စွဲထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် (Joe Biden) အနိုင်ရရှိခဲ့သည်ဟု အများက လက်ခံထားသည့် ရလဒ်ကို ဆန့်ကျင်နေသော ထိုအယူအဆအား ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက် မြင်တွေ့ရနိုင်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိခိုက်နစ်နာစေလိုသည့် ရည်ရွယ်ချက်မပါဘဲ သတင်းအမှားဖြန့်သည့် Misinformation နှင့် ထိခိုက်နာစေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းအမှားဖြန့်သည့် disinformation တို့သည် နည်းပညာများ တိုးတက်လာသော မျက်မှောက်ခေတ်ကာလတွင် ပိုမိုဖြေရှင်းရ ခက်ခဲလာသည့် ပြဿနာများဖြစ်သည်။
AI နည်းပညာသုံးပြီး ဖြတ်၊ညှပ်၊ကပ် လုပ်ထားသည့် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊ AI နည်းပညာဖြင့် ဖန်တီးထားသော ဓာတ်ပုံများနှင့် အသံတုများသည် အမှန်တရားနှင့် လုပ်ကြံဖန်တီးထားသည့် အမှားအကြား တားထားသောစည်း ကို တစ်စထက်တစ်စ မှေးမှိန်လာစေခဲ့သည်။
ထိုအခြေအနေများကြောင့် မဲဆန္ဒရှင်များအတွက် အမှန်တရားကို ညွှန်ပြသည့် သမားရိုးကျ စံနှုန်းများဖြင့် အကြောင်းအရာတစ်ခုကို တိုင်းတာနိုင်တော့မည် မဟုတ်ဘဲ လူမှုမီဒီယာပေါ်တွင် ကိစ္စတစ်ခုကို မြင်ရုံ၊ ကြားရုံမျှ ဖြင့် အမှန်တရားဟု ယူဆရန် ခက်ခဲလာခဲ့သည်။
အထူးသဖြင့် အကြောင်းကိစ္စ တစ်ခုသည် အမှန်တရား ဖြစ်နေသည့်တိုင် အမှန်တရားရော ဟုတ်မှ ဟုတ်ပါ့မလား ဟု သံသယများ ဝင်လာခြင်းသည် အဆိုးဆုံးဖြစ်သည်။
ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်တွင် ထရမ့်၏ မဲဆွယ်စည်းရုံးပွဲသည် AI နှင့်ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံကို အွန်လိုင်း တွင် ဖြန့်ခဲ့သည်။
ထိုဓာတ်ပုံမှာ နာမည်ကြီး ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ် (Taylor Swift)က ထရမ့်ကိုမဲပေးရန် ထောက်ခံနေ သည့်ပုံ ဖြစ်သည်။
တေလာဆွစ်ဖ်သည် ထရမ့်၏ ပြိုင်ဘက် ဟားရစ်ကို အားပေးသူ ဖြစ်သည့်တိုင် ထိုကဲ့သို့ ဓာတ်ပုံထွက်လာခဲ့ ခြင်းကြောင့် မဲဆန္ဒရှင်များကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ထိုလုပ်ဆောင်မှုများသည် သတင်းမီဒီယာများအတွက်လည်း အတည်မပြုနိုင်သည့် အကြောင်းအရာများကို ခွဲခြားစိစစ်ရန် ခက်ခဲစေမည်ဖြစ်သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
အမေရိကန်သည် နောက်ထပ် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကလည်း အဓိကအခမ်းကဏ္ဍမှ ပါဝင်နေသည်။
ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများသည် ပြည်တွင်း သတင်းမှား ဖြန့်မှုများအပေါ် "ဘူးလေးရာဖရုံဆင့်" ဆို သကဲ့သို့ အမှန်တရားကို ဖုံးကွယ်သည့် နောက်ထပ် အမည်းရောင် ကန့်လန့်ကာတစ်ခု ဖြစ်လာခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ထွက်ပေါ်ခဲ့သည့် ထောက်လှမ်းရေး သတင်းများအရ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မည့် ခြိမ်းခြောက်မှုများသည် ရုရှားတစ်နိုင်ငံတည်းမှ မဟုတ်ဘဲ အီရန်နှင့် တရုတ်တို့မှလည်း ထွက်ပေါ်နေသည်ဟု ဖော်ပြခဲ့သည်။
ထရမ့် အနိုင်ရပါက ယူကရိန်းနှင့်ပတ်သက်သည့် အမေရိကန်၏ မူဝါဒအပေါ် သက်ရောက်လာနိုင်သဖြင့် ရုရှားသည် ထရမ့်ကို အနိုင်ရစေချင်နေသည်မှာ ထင်ရှားလှသည်။
ရုရှားနိုင်ငံပိုင် RT ရုပ်သံကလည်း မကြာသေးမီက အမေရိကန်၏ တန်နက်ဆီ (Tennessee) ပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁၀ သန်းပေးပြီး အမေရိကန်လူမှု မီဒီယာများတွင် ရုရှားလိုလားသည့် အကြောင်းအရာ များကို ဖြန့်ရန် စေခိုင်းခဲ့သည်။
ထိုလှုပ်ရှားမှုတွင် အွန်လိုင်းပေါ်မှ နာမည်ကြီး ထင်ရှားသူများကို အသုံးချကာ လူမှုကွန်ရက် အသုံးပြုသူများ အကြား ရုရှားလိုလားသည့် အတွေးအမြင်များအား ဖြန့်ခဲ့ခြင်းဖြစ်သဖြင့် အမေရိကန်ပြည်သူများ၏ အမှား၊အမှန် ခွဲခြားနိုင်စွမ်းကို ရှုပ်ထွေးစေခဲ့သည်။
ထိုကဲ့သို့ ပြောင်းလဲနေသည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရအနေဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရ သည်။
ဒေါ်နယ်ထရမ့်နဲ့ ဟားရစ်ကို တွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် အလွန်အကဲဆတ်သည့် ထောက်လှမ်းရေး သဘောသဘာဝနှင့် အမျိုးသားလုံခြုံရေးနှင့် အတူ ပွင့်လင်းမြင်သာမှုကို ထိန်းညှိဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။
အမေရိကန်အစိုးရသည် ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုကို တုန့်ပြန်ရန် စီမံကိန်းမျာနှင့် လုပ်ဆောင်နေချိန်တွင် ပြည်တွင်းရေး သဘောားကွဲလွဲမှုများ၊ ထရမ့်ဘက်မှ အလွန်ဩဇာကြီးမားသူများ၏ လွှမ်းမိုးမှုများကိုလည်း ရင်ဆိုင် နေရသည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
မကြာသေးမီက ပြုလုပ်သည့် စစ်တမ်းတစ်ခု၌ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ အပြီးတွင် ဆူပူအုံကြွမှု ဖြစ်လာနိုင်ကြောင်း အမေရိကန်ပြည်သူအများစုက ယူဆထားကြသည်ဟု ဖော်ပြခဲ့သည်။
မဲဆန္ဒရှင်များအနေဖြင့် သူတို့ သိရှိထာသည့် အကြောင်းအရာသည် အမှန် ဟုတ်/မဟုတ်ကို သိခွင့်ရှိသင့်သည်။
သို့သော် သတင်းအမှား ဖြန့်မှုများကြောင့် အကြောင်းရင်း အမှန်သည် ဝေဝါးနေပြီး ထိုအခြေအနေ၏ နောက်ဆက်တွဲ ဂယက်သည် ပြင်းထန်စွာ ရိုက်ခတ်လာနိုင်မည်မှာ သေချာလှပေသည်။
Source: Asia Times