CNI Sport Article

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈

ချန်ပီယံလိဂ်ပြိုင်ပွဲကို မျက်နှာသစ် အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြင်သစ်ကလပ် ဘရက်စ်အသင်းဟာ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်အပြီးမှာ မထင်မှတ်ထားလောက်အောင် ရလဒ်ကောင်းတွေ ရယူထားတာ ဖြစ်ပါတယ်။ 

ဘရက်စ်အသင်းဟာ ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ 

ဘရက်စ်အသင်းအနေနဲ့ လက်ကျန် ၄ ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကို တက်ရောက် နိုင်မယ့် အခွင့်အရေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်မယှဉ်ပြိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ နှစ် က ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အပျော်တမ်းပြိုင်ပွဲတွေမှာ ကျင်လည်ခဲ့ရတာပါ။ 

ဘရက်စ်အသင်းဟာ အပျော်တမ်းပြိုင်ပွဲတွေမှာ ၁၉၉၁ ကနေ ၂၀၀၄ ခုနှစ်အထိ ၁၃ နှစ်ကြာ ဖြတ်သန်းပြီးမှ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရလဒ်စာရင်းကို တွေ့ရစဉ်

ဘရက်စ်အသင်းဟာ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် အခက်အခဲ အများအပြား ကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဘရက်စ်အသင်းဟာ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးလိဂ်ဖြစ်တဲ့ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထံကို ၂၀၁၁-၁၂ ရာသီမှာ တန်းပြန်တက်နိုင်ခဲ့ပေမယ့် ၁ ရာသီသာခံခဲ့ပြီး ၂၀၁၂-၁၃ ရာသီမှာ တန်းပြန်ဆင်းသွားခဲ့တာပါ။ 

ဘရက်စ်အသင်းဟာ တန်းပြန်တက်နိုင်ဖို့ ကြိုးစားခဲ့တာမှာ ၆ နှစ်အကြာ ၂၀၁၈-၁၉ ရာသီမှာ တန်းပြန်တက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။ 

ဘရက်စ်အသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပေမယ့် ဘတ်ဂျက် အနည်းငယ်နဲ့ ရပ်တည်ကာ တန်းမဆင်းရအောင် ကြိုးစားခဲ့ရပြီး မနှစ်ကရာသီမှာ တန်းပြန်ဆင်းနိုင်တယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။ 

ဒါပေမယ့် ဘရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ရာသီ အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံ လိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

ဘရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်

ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် သူတို့ရဲ့အိမ်ကွင်းဟာ UEFA (ဥရောပ ဘောလုံးအဖွဲ့ချုပ်)က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာပါ။ 

အဲဒါကြောင့် ဘရက်စ်အသင်းဟာ ပြင်သစ်ကလပ် ဂူယင်ဂမ့်အသင်းရဲ့အိမ်ကွင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုပြီး ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ 

ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မျက်နှာသစ် အသင်းဖြစ်တာကြောင့် အားလုံးရဲ့ အထင်ကြီးမှုကို မရရှိခဲ့ ဘဲ အဖြည့်ခံ ဝင်ရောက် ယှဉ်ပြိုင်တဲ့အသင်းအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ 

ဒါပေမယ့် ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ် ၄ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး အားလုံး ကို အံ့အားသင့်စေခဲ့ပါတယ်။ 

ဘရက်စ်အသင်းကစားခဲ့တဲ့ ပွဲတွေမှာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ သရေ၊ ဆဲလ်ဘတ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေပါဝင်ခဲ့တာပါ။ 

ဘရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်

ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ်လက်ကျန် ၄ ပွဲအဖြစ် ဘာစီလိုနာ၊ PSV၊ ရှက်တာဒိုးနက်၊ ရီးရယ်လ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ ပွဲကြပ်တွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲတွေဟာ ဘရက်စ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ဖို့ ကြီးမားတဲ့ စမ်းသပ်မှုတွေပါ။

ဘရက်စ်အသင်းအနေနဲ့ ဒီပွဲတွေထဲမှာ အနည်းဆုံး ၄ မှတ်လောက် ရယူနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကို တိုက်ရိုက် မတက်နိုင်ရင်တောင် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရမယ်ဆိုတာ သေချာနေပါတယ်။ 

အဲဒါကြောင့် ဘရက်စ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ပြီး နောက်ထပ် အံ့အားသင့် ဖွယ် အရာတွေကို ထပ်လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။