CNI International Article

၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာ ၈

ကနေဒါနိုင်ငံတွင် ၂၀၁၈ ခုနှစ်က တရုတ်နည်းပညာကုမ္ပဏီဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုး (Meng Wanzhou) ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီးနောက် ကနေဒါသံတမန် မိုက်ကယ် ကော့ဗ်ရစ် (Michael Kovrig) နှင့် အကြံပေးပုဂ္ဂိုလ် မိုက်ကယ်စပေဗာ (Michael Spavor) တို့ကို တရုတ်က ပြန်လည်ဖမ်းဆီး ခဲ့ပြီးနောက် တရုတ်နှင့် ကနေဒါအကြား သံတမန်ရေးရာ တင်းမာမှု ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) ၏ လစ်ဘရယ်အစိုးရသည် ကနေဒါရှိ တရုတ်၏ ဩဇာ လွှမ်းမိုးရေး လှုပ်ရှားမှုများကို အပြည့်အဝ အာရုံမစိုက်ခဲ့ကြောင်း ထိုအချိန်က ကနေဒါမီဒီယာများက ဖော်ပြခဲ့ သည်။

တရုတ်သည် ကနေဒါတွင် လျှို့ဝှက်ရဲစခန်းများ ထားရှိခဲ့ပြီး၊ တရုတ် ကောင်စစ်ဝန်ချုပ်၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် တရုတ်-ကနေဒါနွယ်ဖွား နိုင်ငံရေးသမားတစ်ဦးသည် ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသား ၂  ဦး ပြန်လည်လွတ်မြောက်ရေးကို နှောင့်နှေးကြန့်ကြာစေရန် လုပ်ဆောင်ခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ သည်။

ထို့ပြင် ကနေဒါ ရွေးကောက်ပွဲများကို တရုတ်က ကြားဝင်စွက်ဖက်မှုများရှိခဲ့သည်ဟု စွပ်စွဲချက်များလည်း ထွက် ပေါ်ခဲ့သော်လည်း ကနေဒါ ထောက်လှမ်းရေးအဖွဲ့  (CSIS) ကမူ ရွေးကောက်ပွဲ မဲရလဒ်များအပေါ် သက်ရောက်မှု မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကနေဒါနိုင်ငံသား ၂ ဦး တရုတ်တွင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်ကြောင့် ကနေဒါပြည်သူ အများစုသည် တရုတ်ကို ဆန့်ကျင်ခဲ့ကြသော်လည်း ထိုအခြေအနေကို ရှောင်လွှဲနိုင်ခဲ့သည်။

မန်ဝန်ကျိုးသည် အမေရိကန်နှင့် ပြစ်မှုကျူးလွန်သူများကို လွှဲပြောင်းရေးစာချုပ် ချုပ်ထားသည့် နိုင်ငံများကို ဖြတ်သန်းသွားလာခဲ့သူဖြစ်သည်။

 တရုတ်နဲ့ ကနေဒါ ဆက်ဆံရေးကြားက တရုတ်လူမျိုးများကိုတွေ့ရစဉ်

မည်သို့ပင်ဆိုစေ အမေရိကန်အေးဂျင့်များသည် မန်၏ သွားလာလှုပ်ရှားမှုကို ခြေရာခံခဲ့ပြီး ကနေဒါနိုင်ငံက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ အမေရိကန်နှင့် ပူးပေါင်းမှုကြောင့်ပင် ကနေဒါနှင့် တရုတ်အကြား သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သံတမန်တင်းမာမှု ဖြစ်ပွားခဲ့ပြီး ကနေဒါ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ဒေါ်လာဘီလျံချီသည့် ဝင်ငွေများ နစ်နာဆုံးရှုံးခဲ့ရသည်။

ထိုအချိန်အတွင်းမှာပင် ပိုပြီးအရေးကြီးသည့် ခြိမ်းခြောက်မှုတစ်ခုသည် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် အိန္ဒိယနိုင်ငံထံမှ ထွက်ပေါ်လာခဲ့သည်။ အိန္ဒိယသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ကို ဆန့်ကျင်သည့် အားထုတ်ကြိုးပမ်းမှုများထဲတွင် ပါဝင်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လက ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်၊ ဆာရေး (Surrey) မြို့ရှိ ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုသည် အိန္ဒိယက အကြမ်းဖက်မှုများဖြင့် ဖမ်းဆီးရန် အလိုရှိနေသည့် ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် ဟာဒိပ် ဆင်းနစ်ဂျား (Hardeep Singh Nijja) ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး စိုးရိမ်မှုများ မြင့်တက်စေခဲ့ သည်။

အဆိုပါအချိန်မှစပြီး ကနေဒါအစိုးရသည် ထိုလုပ်ကြံမှုတွင် အိန္ဒိယနိုင်ငံ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခဲ့ပြီး အိန္ဒိယကမူ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

သို့သော်လည်း ထိုဖြစ်စဉ်သည် အစသာရှိသေးသည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နစ်ဂျား၏တွဲဘက် ဆစ်ခ်တက်ကြွလှုပ်ရှားသူ ဂူရာပတ်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) အား လုပ်ကြံသတ်ဖြတ်မည့် အားထုတ်ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ထုတ်ပြန် ခဲ့သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားကိုတွေ့ရစဉ်

ယခုဖြစ်စဉ်တွင်လည်း အမေရိကန်၏ ကြားဝင်မှုကို မြင်တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကနေဒါ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မော်ရစ်ဆင် (David Morrison) က အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှား (Amit Shah) သည် ကနေဒါရှိ ဆစ်ခ်တက်ကြွ လှုပ်ရှားသူ များကို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ထောက်လှမ်းရေး သတင်းများ ရယူမှုများပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုအစီအစဉ်တွင် လက်မရွံ့ လူသတ်သမားများနှင့် ရာဇဝတ်ဂိုဏ်းများလည်း ပါဝင်ပတ်သက်ကြောင်း မော်ရစ်ဆင် က ပြောကြားခဲ့ပြီး အိန္ဒိယကမူ ထိုစွပ်စွဲချက်များကို အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ မျိုးချစ်ဝါဒီ အစိုးရသည် ဆစ်ခ်ခွဲထွက်ရေးကို ဆန့်ကျင်သည့် တင်းမာသော ရပ်တည်ချက်ကြောင့် လူသိများသည်။

ပန်ဂျပ် (Punjab) ပြည်နယ်တွင် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ခါလစ္စတန်အမည်ရှိ လွတ်လပ်သော ဆစ်ခ်ပြည်နယ်ကို ထူထောင်ရန် ခွဲထွက်ရေးသမားများက ကြိုးပမ်းခဲ့ချိန်ကစပြီး ထိုအရေးကိစ္စသည် ပြည်တွင်း ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

ထိုအချိန်မှစပြီး ဆစ်ခ်ခွဲထွက်ရေး လှုပ်ရှားမှုသည် ဖိနှိပ်ခံခဲ့ရကာ ခွဲထွက်ရေးကို ထောက်ခံသူ အနည်းငယ်သည် ကနေဒါကဲ့သို့ ပြည်ပနိုင်ငံများတွင် တိမ်းရှောင်နေခဲ့ကြသည်။

ယခုအခါတွင် လွတ်လပ်သော ခါလစ္စတန်ဒေသသည် တိဘက် သို့မဟုတ် ရှင်ကျန်း ဒေသတို့ကဲ့သို့ မှတ်ယူ နိုင်ခြင်းမရှိတော့ဘဲ ကနေဒါဆစ်ခ်ဘာသာဝင်အများစုက စိတ်ဝင်စားခြင်းမရှိတော့ပေ။

ဆစ်ခ်ခွဲထွက်ဝါဒီတစ်ဦး ပုံကိုတွေ့ရစဉ်

ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ တစ်ရပ်အနေဖြင့် အိန္ဒိယ၏ ဒိုဗယ် လမ်းစဉ် (Doval doctrine) ဟူသည့် မိုဒီ၏ အမျိုးသားလုံခြုံရေးပုဂ္ဂိုလ် အဂျစ် ဒိုဗယ် (Ajit Doval) ၏အမည်ကို အစွဲပြုထားသည့် လမ်းစဉ်အကြောင်း ဖြစ်သည်။

အဂျစ်ဒိုဗယ်သည် လူငယ်ထောက်လှမ်းရေး အရာရှိဘဝဖြစ်သည့် ၁၉၈၀ ပြည့်နှစ် ကာလများက ဆစ်ခ်ခွဲထွက်ဝါဒီ များနှင့် တိုက်ခိုက်ခဲ့သူဖြစ်သည်။

ဒိုဗယ်လမ်းစဉ်ဆိုသည်မှာ အိန္ဒိယ၏ လုံခြုံရေး လိုအပ်ချက်အရဆိုလျှင် နိုင်ငံ၏ နယ်စပ်ကိုကျော်လွန်ပြီး ပြည်ပ နယ်နိမိများတွင်ပါ တရားမျှတသည့် စစ်ဆင်ရေးများ ပြုလုပ်နိုင်သည့် အယူဝါဒဖြစ်သည်။

ကနေဒါထောက်လှမ်းရေး အေဂျင်စီများသည် တရုတ်နိုင်ငံထံမှ ထွက်ပေါ်နေသည့် ခြိမ်းခြောက်မှုများကို အာရုံစိုက် နေချိန်တွင် အိန္ဒိယနိုင်ငံမှ ထွက်ပေါ်လာသည့် အန္တရာယ်မှာ ပိုမိုကြီးမားလှသည်။

လက်ရှိ အချိန်အထိ မန်ဝမ်ကျိုး ပြဿနာတွင် အမေရိကန်ကြောင့် ကနေဒါသည် ဒုက္ခရောက်ခဲ့ရသည်။ ယခု အိန္ဒိယအရေးတွင်လည်း ကနေဒါအနေဖြင့် အမေရိကန်ကို အားကိုးမည်ဆိုပါက ပြဿနာနှင့် ရင်ဆိုင်ရနိုင်သည်။

ကနေဒါအတွက် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကို စကားပုံတစ်ခုနှင့် နှိုင်းယှဉ်ဖော်ပြနိုင်သည်။

"၁ ကြိမ် အလိမ်ခံရရင် လိမ်တဲ့သူအပြစ်၊ ၂ ကြိမ် အလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူအပြစ်" ဆိုသည့် စကားပုံနှင့် ကနေဒါ၏ လက်ရှိအခြေအနေကို နှိုင်းယှဉ်မည်ဆိုပါက မှားအံ့မထင်ပေ။