CNI International News
ဆစ်ဒနီ၊ နိုဝင်ဘာ ၆
ကနေဒါနိုင်ငံတွင် နိုဝင်ဘာ ၅ ရက်က ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း ဖျက်ဆီးခံရမှုအပေါ် အလွန်စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ(Jaishankar)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
"ကနေဒါက ဟိန္ဒူဘုရားကျောင်းမှာ မနေ့က ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ဟာ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်" ဟု ဂျိုင်ရှန်ကာက ဩစတြေးလျနိုင်ငံ ကန်ဘာရာ (Canberra) မြို့တော်သို့ ရောက်ရှိနေချိန် သတင်းထောက်များ ကို ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကနေဒါ အစိုးရက အိန္ဒိယသံတမန် ၆ ဦးကို နယ်နှင်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာပဲ ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ကနေဒါအစိုးရကမူ ကနေဒါရှိ ဆစ်ခ်တက်ကြွ လှုပ်ရှားသူများကို အိန္ဒိယအစိုးရက ပစ်မှတ်ထား နှိမ်နင်းနေကြောင်း စွပ်စွဲခဲ့ပြီး အိန္ဒိယအစိုးရကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
ထိုဖြစ်စဉ်များကြောင့် ကနေဒါနှင့် အိန္ဒိယအကြား၊ ဆစ်ခ်တက်ကြွ လှုပ်ရှားသူများနှင့် အိန္ဒိယသံတမန်များအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကို တွေ့ရစဉ်
ပြီးခဲ့သည့်လကလည်း ကန်ဘာရာမြို့ရှိ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်း ဖျက်ဆီးခံခဲ့ရသည်။
ထိုဖြစ်စဉ်သည် အိန္ဒိယအသိုင်းအဝိုင်းကို စိတ်ပျက်စေခဲ့ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) က ပြောကြားခဲ့သည်။
"ဩစတြေးလျ နိုင်ငံမှာနေတဲ့ လူတိုင်းဟာ ဘေးကင်းလုံခြုံခွင့်နဲ့ လေးစားခံရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ လူတိုင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ ငြိမ်းချမ်းစွာ ထုတ်ဖော် ပြောဆိုခွင့်တွေရှိပါတယ်" ဟု ဝေါင်က သတင်းထောက်များကို ပြေကြားခဲ့သည်။
"အကြမ်းဖက်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ အမုန်းတရားပွားမှု ဒါမှမဟုတ် လက်သရမ်း ဖျက်ဆီးမှုတွေ အတွက်တော့ အခွင့်အရေး မရှိပါဘူး" ဟု ၎င်းက ပြောသည်။
ဆစ်ခ်တက်ကြွ လှုပ်ရှားသူများ ပစ်မှတ်ထားခံရသည့် ကနေဒါ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဩစတြေးလျက ကနေဒါ၏ တရားရေး လုပ်ထုံးလုပ်နည်းကို လေးစားမှုရှိကြောင်း ဝေါင်က ပြောကြားခဲ့သည်။
ဂျိုင်ရှန်ကာကမူ အိန္ဒိယသံတမန်များကို နှင်ထုတ်မှုနှင့် သံတမန်များကို အနီးကပ် စောင့်ကြည့်နေသည့် ကနေဒါ၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ