CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၃၁
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) သည် ကနေဒါမြေပေါ်ရှိ ဆစ်ခ် ခွဲထွက်ဝါဒီများကို ပစ်မှတ်ထား သည့် ကြံစည်မှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း ကနေဒါအစိုးရက အောက်တိုဘာ ၂၉ ရက်က စွပ်စွဲခဲ့သည် ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရက ချက်ချင်းတုန့်ပြန်ခဲ့ခြင်း မရှိသော်လည်း ကနေဒါ၏ စွပ်စွဲ ချက်များသည် အခြေအမြစ်မရှိကြောင်းနှင့် အိန္ဒိယ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
ဝါရှင်တန်ပို့စ်သတင်းစာက အရင်ဆုံးဖော်ပြခဲ့သည့် သတင်းတွင် အိန္ဒိယအစိုးရအဖွဲ့၏ နံပါတ် ၂ ခေါင်းဆောင်ဟု ယူဆခံထားရသော အမစ်ရှားသည် ကနေဒါရှိ ဆစ်ခ် ခွဲထွက်ဝါဒီများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ နောက်ကွယ်တွင် ရှိနေကြောင်း ကနေဒါအရာရှိများက စွပ်စွဲခဲ့သည်။
ရှားသည် ထိုပူးပေါင်း ကြံစည်မှုများ နောက်ကွယ်တွင်ရှိကြောင်း အောက်တိုဘာ ၂၉ ရက်က ကနေဒါ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မော်ရစ်ဆင် (David Morrison) က ကနေဒါလွှတ်တော်၏ ကော်မတီတစ်ခုကို ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ရစဉ်
"ရှားက အဲဒီပူးပေါင်းကြံစည်မှု နောက်ကွယ်က လူ ဟုတ်၊မဟုတ် ဂျာနယ်လစ်တွေက ကျနော့်ကို မေးပါတယ်။ ကျနော်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်" ဟု မော်ရစ်ဆင်က ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ အော့တဝါ (Ottawa) မြို့တော်ရှိ အိန္ဒိယမဟာမင်းကြီးရုံးနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ရှားသည် ပူးပေါင်းကြံစည်မှုများ၌ ပါဝင်ခဲ့ကြောင်း ကနေဒါက အိန္ဒိယကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြောကြားခဲ့ဖူးသည်ဟု အိန္ဒိယအစိုးရ၏ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို အောက်တိုဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
သို့သော် အိန္ဒိယအစိုးရကမူ ထိုသတင်း အချက်အလက်သည် ခိုင်မာမှုမရှိဘဲ ထိုစွပ်စွဲချက်ကြောင့် ရှား သို့မဟုတ် အိန္ဒိယအစိုးရအဖွဲ့အတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ကြောင်း ယူဆခဲ့ကြသည်ဟု ထိုသတင်း ရင်းမြစ်နှင့် နောက်ထပ် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
အိန္ဒိယသည် ဆစ်ခ်ခွဲထွက်ဝါဒီများကို အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ထားပြီး အိန္ဒိယ၏လုံခြုံရေး အတွက် ခြိမ်းခြောက်မှုများအဖြစ် ရှုမြင်ထားသည်။
Source: ရိုက်တာ