CNI International News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်ရှော့ (Julie Bishop) သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နစကအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်ဟု အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု The Straits Times မှ ဖော်ပြခဲ့သည်။
ထိုတွေ့ဆုံမှုအတွင်း မြန်မာ့အရေးတွင် ပါဝင်သူများအနေဖြင့် “zero-sum mentality” ဟုခေါ်သည့် အနိုင်-အရှုံး တွက်ချက်သည့် အယူအဆကို နောက်ချန်ထားခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ရုန်းမထွက် နိုင်သေးသော ပဋိပက္ခကို အဖြေရှာရန် ရှေးရှုလုပ်ဆောင်ရန်လည်း ဘစ်ရှော့က တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဘစ်ရှော့ကို တွေ့ရစဉ်
ဧပြီလက မြန်မာ့အရေးတွင် အထူးသံတမန်အဖြစ် ခန့်အပ်ခံ ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ဘစ်ရှော့က ပြန်လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ ကုလသမဂ္ဂနှင့် အကူအညီ ပေးရေးအဖွဲ့များကို ဝင်ခွင့်ပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များ အကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၃ ဒသမ ၁ သန်းကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေ ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
"ကျမ နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်သွား ဦးမှာပါ" ဟု ဘစ်ရှော့က ပြောကြားခဲ့ပြီး အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်လက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
NUG နဲ့ PDF ကိုတွေ့ရစဉ်
ထို့ပြင် မည်သည့်အချိန်တွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သည် ဆိုခြင်းကိုလည်း ရှင်းလင်းစွာ မသိရပေ။
ဘစ်ရှော့က ၎င်းသည် NLD ပါတီ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင်လည်း ဘက်လိုက်မှုမရှိသည့် ထိတွေ့ဆက်ဆံမှု မျိုးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"မတူညီမှုတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေကို နားလည်ဖို့ ကျမ ကြိုးစားနေပါတယ်။ အဲဒါမှ သဘောတူညီမှု ရရှိဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေမှာ ကျမ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
"မြန်မာ့အရေးနဲ့ သက်ဆိုင်သူတွေအနေနဲ့ အနိုင်-အရှုံး တွက်ချက်တဲ့ စိတ်ထားကို စွန့်လွှတ်ရပါလိမ့်မယ်။ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးတဲ့အချိန်မှာ တိုးတက်မှု အနည်းငယ် သာရှိနိုင်ပါလိမ့်မယ်" ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။
Source: TST