CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က မြန်မာ့ငြိမ်းချမ်းရေးကို ကူညီလိုကြောင်း ကမ်းလှမ်းခဲ့သည်ဟု ထိုင်းသတင်းထောက်များက မေးမြန်းစဉ် ပြန်လည် ဖြေကြားသွားခဲ့သည်။
“ကျမတို့ သီးသန့်စကားပြောခဲ့ပြီး ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ဖို့ ကျမတို့ စေတနာကို ကမ်းလှမ်းခဲ့ပါတယ်”ဟု ထိုင်းသတင်းထောက်များကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာ့အရေး အဖြေရှာမည့် အလွတ်ဆွေးနွေးပွဲ အစည်းအဝေး တစ်ရပ်ကို လာမည့် ဒီဇင်ဘာလ တွင် ထိုင်းနိုင်ငံမှာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ပြီး တစ်နိုင်ငံ၏ အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပေတုန်တန်အား ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ထို့နောက် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင် ဆောင်ရွက်သွားနိုင် မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာ အချင်းချင်းတို့ အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် ကျင်းပသည့် အဋ္ဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့ သည်။
အဆိုပါ တရုတ်ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအို ဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့နှင့် သီးသန့်စီတွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။