CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရခြင်း၏ ဇစ်မြစ်သည် မည်သည့် အခြေခံအကြောင်းတရားကြောင့် ဖြစ်နိုင်သလဲဆိုသည်ကို အဖြေရှာရမည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြလာကြသည်။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရခြင်း၏ ဇစ်မြစ်သည် အခြေခံဥပဒေအရ တန်းတူအခွင့်အရေး မရရှိခြင်းကြောင့် ဖြစ်၍ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေမည့် ဖြေရှင်းနိုင်သော နည်းလမ်းမှာ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်းသာဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်နက်ကိုင်ပဋိပက္ခရဲ့ ဇစ်မြစ်သည် အခြေခံဥပဒေအရ တန်းတူအခွင့်အရေးတို့၊ တန်းတူအခွင့်အရေး မရှိသေးဘူးဆိုတဲ့ သဘောနဲ့ ဖြစ်တဲ့ကိစ္စဖြစ်တဲ့ခါမှာ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းက အခြေခံဥပဒေအရ ပေးခြင်းပဲ။ အဲတော့ အခြေခံဥပဒေဆိုင်ရာပြဿနာ ဖြစ်တယ်ဆိုရင် အခြေခံဥပဒေ အရပဲ လက်နက်ကိုင်ပဋိပက္ခကို ရှင်းနိုင်ရမယ်။ အဲဒီမှာ အခြေခံဥပဒေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နဲ့ ပတ်သတ်တဲ့ ဥပဒေတစ်ခုဟာလိုလာပြီ။ အဲဒီမှာ ဥပဒေအရပဲ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးရမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝပေးရမယ်”ဟု ပြောသည်။
နိုင်ငံတကာ သံတမန်များ၊ နစက ခေါင်းဆောင်များ၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပေးရန်အတွက် အမျိုးသားညီလာခံကဲ့သို့ ပုံစံမျိုးလိုအပ် ကြောင်း ဒေါက်တာအေးမောင်က ထောက်ပြသည်။
၎င်းက “အဲသလိုပေးဖို့အတွက် အမျိုးသားညီလာခံလိုဟာမျိုး လက်ရှိအစိုးရက သုံးသပ်မယ်ဆိုရင် အဲဒီမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင်လာနိုင်အောင် နိုင်ငံကြီးတွေဘက်က ဝိုင်းဝန်းကူညီ လာနိုင်လာ တယ်။ တရုတ်ကလည်း တရုတ်နယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကူညီလာနိုင်တယ်၊ အိန္ဒိယလည်း အိန္ဒိယ၊ ထိုင်းလည်းထိုင်း။ အဲသလိုမျိုးနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်တဲ့ မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ဆုံမှတ်တစ်ခုလိုတယ်။ အဲတာကတော့ ညီလာခံပဲ၊ ငြိမ်းချမ်းရေး (သို့မဟုတ်) ခုနက အခြေခံဥပဒေရဲ့ အခြေခံမူဆိုင်ရာ ညီလာခံတစ်ခုပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။
AA-MNDAA-TNLA ခေါင်းဆောင်များကိုတွေ့ရစဉ်
ထို့နောက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ ပြန်လည် တိုက်ပွဲများဖြစ်ပွား နေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စစ်ပြေးဒုက္ခ သည် ၆ သန်းကျော်ရှိကြောင်း ISP-Myanmar မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
နှစ်ဘက်အဖွဲ့အစည်းများအနေဖြင့် စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၎င်းက “နှစ်ဖက်လုံးက စေ့စပ်ညှိနှိုင်းရေး သဘောထားကို မရှိပါဘူး။ မင်းအောင်လှိုင်ကလည်း အကြမ်းဖက်စစ်ပွဲ ဆက်လုပ်တယ်။ ကျန်တဲ့ ပြည်သူတွေကလည်း ခုခံရေး စစ်ပွဲကနေပြီးတော့ ပြန်လှန်ပြီးတော့ ထိုးစစ်ဆင်ဖို့ အတွက် ပြင်ဆင်နေတဲ့ အနေအထားကို ရောက်ရှိလာပါပြီ။ အဲတော့ အဲဒါတွေကို ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နည်းနဲ့၊ မင်းအောင်လှိုင် ရှိနေသ၍က ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ အဲတော့ ဘယ်ဘက်က နိုင်မလဲဆိုတာကို စစ်ရေးအရ အပြတ်အသတ် တိုက်ပြီးတော့ ဆုံးဖြတ်ပေးမယ့် အနေအထားတစ်ခု ရောက်အောင် သွားကြဖို့ပဲ ရှိပါတယ်။ ကျန်တဲ့ စစ်ကောင်စီပြောနေတဲ့ ငြိမ်းချမ်းရေးတို့၊ ဘာတို့ဆိုတာတွေကလည်း တကယ်က တစ်ဖက်သတ် ကျနော်တို့ တောင်းဆိုမှုတွေ ပါနေတဲ့အတွက် ဘာမှမဖြစ်နိုင်ပါဘူး။ ပြည်သူတွေဘက်ကတော့ စစ်ကောင်စီ နိုင်ငံရေးက ဆင်းမသွားဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေ မဖျက်သိမ်းဘဲနဲ့တော့ ဒီတိုက်ပွဲကို ရပ်မှာမဟုတ် ဘူးဆိုတဲ့ အခါကျတော့ တခြားနည်းလမ်းမရှိပါဘူး၊ ဆက်တိုက်ကြမှာပါပဲ”ဟု ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖတ်သတ် ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ် ဝန်ကြီးချုပ်လီချန်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့နောက် MNDAA-TNLA-AA စသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လိုလားမှသာလျှင် ဆွေးနွေးမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်(EAOs)များ၊ PDF အဖွဲ့များ ကြား တိုက်-ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြသည်။